Pages

1.3.13

ဂိုးရနိုင်သော အခွင့်အရေး များကို အသုံးမချ နိုင်ခဲ့သည့် မြန်မာအသင်း

AFC Challenge Cup ခြေစစ်ပွဲ ဝင်ရန် လေ့ကျင့်ပြင်ဆင် နေသည့် မြန်မာ့လက်ရွေးစင် အသင်းသည် ယနေ့ ညနေ ၅ နာရီက ဖိလစ်ပိုင် လက်ရွေးစင် အသင်းနှင့် ပထမဆုံး ခြေစမ်းပွဲ အဖြစ် ယှဉ်ပြိုင် ကစားရာ ၁ ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့် ခဲ့ရသည်။
AFC Challenge Cup ခြေစစ်ပွဲ အကြို မြန်မာ အသင်း၏ ပထမဆုံး နိုင်ငံတကာ ခြေစမ်းပွဲမှာ အရှုံးဖြင့် စတင် ခဲ့ရသည်။ မြန်မာ အသင်းမှာ ဖိလစ်ပိုင် အသင်းထက် အပိုင်ဂိုးသွင်း ခွင့်များ ပိုမို ရရှိ ခဲ့သော်လည်း အသုံးမချ နိုင်ခဲ့ခြင်းက ရှုံးပွဲကြုံတွေ့ စေခဲ့ခြင်း ဖြစ်သည်။ ဖိလစ်ပိုင် အသင်းမှာ ဝါရင့် ကစားသမား ဖြစ်သည့် ဖိလစ်ယန်း ဟက်စ်ဆန် ဦးဆောင်ပြီး ဘရစ္စတိုလ် အသင်းတွင် ကစားနေသည့် ဂိုးသမား အီသာရိတ် အပါအဝင် လူငယ် အများစုကို အသုံးပြု ခဲ့သောကြောင့် မြန်မာ အသင်းကို ခြေစွမ်းပိုင်း အသာမရ ခဲ့ပေ။ သို့သော် ခံစစ်ပိုင်း အမှားအယွင်း မရှိခဲ့ဘဲ ရရှိသည့် အခွင့်အရေးကို ပိုင်နိုင်စွာ အသုံးချပြီး အနိုင်ရလဒ် ယူနိုင် ခဲ့သည်။ မြန်မာ အသင်းမှာ ယခုပွဲတွင် ဂိုးရနိုင်သည့် အခွင့် အရေး ငါးကြိမ်ထက် မနည်း ရရှိခဲ့ သော်လည်း အသုံးမချ နိုင်ခဲ့ပေ။
ရန်ကုန် ဖေဖော်ဝါရီ ၆

တယ်ရိုဆာဆနာ အသင်း ရတနာပုံ အသင်းနှင့် စတင် ခြေစမ်းမည်

MNL ကလပ် အသင်းများနှင့် ခြေစမ်း ကစားရန် အတွက် ထိုင်း ပရီးမီးယားလိဂ် ကလပ် ဘီအီးစီ တယ်ရို ဆာဆနာ အသင်းသည် ယမန်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံမှ မန္တလေး အပြည်ပြည် ဆိုင်ရာ လေ ဆိပ်သို့ လေကြောင်း ခရီးဖြင့် ရောက်ရှိ လာသည်။
တယ်ရိုဆာဆနာ အသင်းသည် မန္တလေး မြို့ခံ အသင်းဖြစ်သည့် ရတနာပုံ အသင်း နှင့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗထူး ကွင်း၌ စတင်ကစား မည်ဖြစ်သော ကြောင့် မန္တလေးမြို့သို့ တိုက်ရိုက် လာရောက် ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အသင်းတွင် အုပ်ချုပ်/နည်း ပြ ၁၅ ဦး၊ ကစားသမား ၂၄ ဦးဖြင့် စုစုပေါင်း ၃၉ ဦး လိုက်ပါ လာသည်။ ဆက်လက်၍ ဘီအီးစီ တယ်ရိုဆာဆနာ အသင်း သည် ဖေဖော်ဝါရီ ၁၄ ရက်တွင် သုဝဏ္ဏကွင်း၌ ဧရာဝတီ ယူနိုက်တက် အသင်း၊ ဖေဖော်ဝါရီ ၁၆ ရက်တွင် သုဝဏ္ဏကွင်း ၌ ရန်ကုန် ယူနိုက်တက် အသင်းတို့နှင့် ခြေစမ်း ကစားမည် ဖြစ်သည်။
တယ်ရိုဆာဆနာ အသင်းသည် ၂ဝ၁၂ ခုနှစ် နှစ်ဆန်းပိုင်းက လာရောက် ကစားခဲ့သော ခြေစမ်းပွဲ များတွင် ဧရာဝတီ၊ ရတနာပုံနှင့် ရန်ကုန်တို့ သုံးသင်း စလုံးကို အနိုင် ကစားထားသည်။ ထိုင်း ပရီးမီးယားလိဂ် ကလပ် ဘီအီးစီတယ်ရို ဆာဆနာ အသင်းနှင့် ခြေစမ်းပွဲတွင် MNL ကလပ် အသင်း များ၌ AFC Challenge Cup ခြေစမ်းပွဲ အတွက် ရွေးချယ် ထားသည့် မြန်မာ့ လက်ရွေးစင် ကစားသမား များကို ပါဝင် ကစား ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။
ရန်ကုန် ဖေဖော်ဝါရီ ၁၁

ဆီဆိုင်မြို့၌ ကျန်းမာရေး အသိပညာပေး ဟောပြော

ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်မြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း ရုံး၌ ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၉ နာရီက ကျန်းမာရေး အသိ ပညာပေး ဟောပြောပွဲ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဝေက အဖွင့် အမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက် လာသော ဒေသခံ တိုင်းရင်း သူများ ကိုယ်စား ဒေသခံ တစ်ဦးက အဆိုပြုလွှာများ ပေးအပ်ရာ ရှမ်းပြည်နယ် မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဝေက လက်ခံ ရယူပြီး ဒေသခံ တိုင်းရင်းသူ များကို ရင်ထိုး တံဆိပ်များ တပ်ဆင် ပေးသည်။ ဆက်လက်၍ ဆီဆိုင်မြို့နယ် မိခင်နှင့် ကလေး ကျန်းမာရေး ဌာန အမျိုးသမီး ကျန်းမာရေး ဆရာမ ဒေါ်ဇင်မာလင်းက ကျန်းမာရေး ဆိုင်ရာ သိကောင်းစရာ များကို ဟောပြောပြီး ကျန်းမာရေး အသိ ပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေကာ အခမ်းအနားကို ရုပ်သိမ်း လိုက်ကြောင်း သိရသည်။
တောင်ကြီး ဖေဖော်ဝါရီ ၁၇


အရှေ့ တောင် အာရှမှ အပင်နှစ်မျိုး ဆီးချိုရောဂါ ကုသ နိုင်ဖွယ်ရ

အရှေ့တောင် အာရှတွင် တွေ့ရှိရသော မဲဇလီ မျိုးရင်းဝင် အပင် နှစ်မျိုးသည် ဆီးချိုရောဂါ ဖြစ်ပွားမှုကို တိုက်ဖျက်နိုင်သည့် ဂုဏ်သတ္တိ ရှိပြီး အဝ လွန်ခြင်းကို လျှော့ချရာတွင် အထောက် အကူ ပေးနိုင်ဖွယ် ရှိသည်ဟု ဗြိတိသျှ သုတေသန ပညာရှင်များက ယူဆ ခဲ့ကြသည်။
ဆီးချိုရောဂါ ဖြစ်ပွားမှုကို တိုက်ဖျက်နိုင်သည့် Cassia auriculata နှင့် Cassiaalata အမည်ရှိ အပင် နှစ်မျိုးကို ဂရင်းဝှစ်ခ်ျ တက္ကသိုလ်မှ သုတေသန ပညာရှင် များက စစ်ဆေးမှုများ ပြုလုပ် ရန် စီစဉ်လျက် ရှိပြီး အဆိုပါ အပင် နှစ်မျိုးမှ ထုတ်ယူ ရရှိသော အဆီအနှစ် များသည် အမျိုး အစား(၁) ဆီးချို ရောဂါနှင့် အမျိုးအစား (၂) ဆီးချို ရောဂါတို့ကို ကုသနိုင်သော အာနိသင် ရှိသည့် ပစ္စည်းများ ပါဝင်နိုင်ကြောင်း သိရသည်။
ဆီးချိုရောဂါ အမျိုးအစား (၁)သည် ကလေးသူငယ် များတွင် အဖြစ်များလေ့ ရှိပြီး အရွယ် ရောက်သူများတွင် ဆီးချိုရောဂါ အမျိုးအစား (၂)ကို အများဆုံး ခံစားရလေ့ ရှိကြောင်းနှင့် အချိန်အတော် ကြာမှသာ ရောဂါ လက္ခဏာ ပြသကြောင်း ပညာရှင် များက ပြောကြား ထားသည်။ သုတေသန ပညာရှင်များ တွေ့ရှိထားသော မဲဇလီ မျိုးရင်းဝင် အပင်နှစ်မျိုး အနက် တစ်မျိုးမှ ထုတ်ယူ ရရှိသည့် အဆီအနှစ် များတွင် Kaempferol 3-0- rutinosidehe ဟု ခေါ်သော ဒြပ်ပေါင်း ပါဝင်ပြီး ၎င်းဒြပ်ပေါင်းသည် ဆီးချိုရောဂါ ကုသသော acarbose ဆေးထက် အာနိသင် ရှစ်ဆ ပိုမိုသည်ကို လေ့လာ တွေ့ရှိထားသည်။
ထို့အပြင် ၎င်းအပင် များမှ ခန္ဓာကိုယ် ဓာတ်တိုး ပစ္စည်းများကို ချေဖျက်နိုင်သော ပစ္စည်း များသည် ဆီးချိုရောဂါ ဖြစ်ပွားမှုကို ကုသရာတွင် အထောက်အကူ ပေးနိုင်ကြောင်း သုတေ သန ပညာရှင် များက ဖော်ထုတ် နိုင်ခဲ့သည်။

ဦးနှောက်နှင့် အာရုံကြော ရောဂါ ပညာရပ် ဆိုင်ရာ အဖွဲ့ ညီလာခံ ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၂ဝ
ယမန်နေ့ နံနက် ၈ နာရီက ပထမ အကြိမ် ဦးနှောက်နှင့် အာရုံကြော ရောဂါ ပညာရပ် ဆိုင်ရာ အဖွဲ့ ညီလာခံ ဖွင့်ပွဲ အခမ်းအနားကို Traders Hotel ၌ ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ မျိုးခင်နှင့် မြန်မာနိုင်ငံ ဆရာဝန် အသင်း (ဗဟို) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဦးကျော်မြင့်နိုင် တို့က ညီလာခံကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ကြသည်။
ထို့နောက် ဦးနှောက်နှင့် အာရုံကြော ရောဂါ ပညာရပ် ဆိုင်ရာ အဖွဲ့ ညီလာခံကို ဆက်လက် ကျင်းပ ခဲ့ကြောင်း သတင်း ရရှိသည်။

သွေးတိုး ရောဂါသည်များ အတွက် ဆေးတလက်

ဆေးနည်းမှာ---
ရှောက်ဘီလူး ၁၀-လုံး
သံပရာသီး ၂၀-လုံး
သကြား ၁၀-ကျပ်သား
သိန္ဓော ၂-ကျပ်သား
ရှောက်ဘီလူး ပါးပါးလှီး၊ သံပရာသီ ပါးပါးလှီး သကြား သိန္ဓောတို့နှင့် ရောပြီး လေလုံ ပုလင်း သန့်သန့်ထဲ ၇-ရက်ကြာအောင် ထည့်ထားပါ။ ရေကျက်အေး အနည်းငယ် ထည့်ပါ။
အစာစားပြီးတိုင်း မနက် တဇွန်း၊ ညနေ တဇွန်းစီ သောက်ပေးပါ။ ရက်ကြာကြာ ထားလေ ပိုကောင်းလေ ဖြစ်သည်။
သစ္စာရည် (ဝါးခယ်မ)
(နက္ခတ္တ ၂၀၀၇-၄)

နယူးဇီလန် ပူးပေါင်းတပ်ဖွဲ့ ဌာနချုပ်များ တပ်မှူး ဗိုလ်ချုပ် Dave Gawn သည် ကြည်းတပ် ဦးစီးချုပ် ဖြစ်လာမည် ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီး ဂျွန်နသန်ကိုးလ်မန်းက ကြေညာ


နယူးဇီလန် ပူးပေါင်းတပ်ဖွဲ့ ဌာနချုပ်များ တပ်မှူး ဗိုလ်ချုပ် Dave Gawn သည် ကြည်းတပ် ဦးစီးချုပ် ဖြစ်လာမည် ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီး ဂျွန်နသန်ကိုးလ်မန်း က ဖေဖော်ဝါရီလ ၂ဝ ရက်နေ့တွင် ကြေညာ ခဲ့ပါသည်။

Gawn အနေဖြင့် ကြည်းတပ်အား ဦးဆောင်ရန် လိုအပ်သော မဟာဗျူဟာနှင့် ခေါင်းဆောင်မှု လက္ခဏာများ ပြည့်ဝကြောင်း ကိုးလ်မန်းက ပြောကြား ခဲ့ပါသည်။ ယခင် ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ် Tim Keating အား ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ လတွင် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ခန့်အပ်ချိန်မှ စ၍ ကြည်းတပ် ဦးစီးချုပ် နေရာသည် လစ်လပ်နေခြင်း ဖြစ်ပါသည်။ လေတပ် ဗိုလ်မှူးချုပ် Kevin Short onf Gawn ၏ ပူးပေါင်း တပ်ဖွဲ့ ဌာနချုပ်မှူး ရာထူးအား ဆက်ခံ တာဝန်ယူ ရမည် ဖြစ်သည်။

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းသည် အိန္ဒိယ နိုင်ငံ အနောက်မြောက် ပိုင်းရှိ ''အမ်ရစ်ဆာ'' မြို့သို့ သွားရောက်ခဲ့ပြီး ဗြိတိန် တပ်ဖွဲ့များ၏ သတ်ဖြတ် ခဲ့မှုကြောင့် သေဆုံး ခဲ့ရသူ များအား ဂါရဝ ပြုခဲ့


ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းသည် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့တွင် အိန္ဒိယ နိုင်ငံ အနောက်မြောက် ပိုင်းရှိ ''အမ်ရစ်ဆာ'' မြို့သို့ သွားရောက်ခဲ့ပြီး ၁၉၁၉ ခုနှစ်က ဗြိတိန် တပ်ဖွဲ့များ၏ သတ်ဖြတ် ခဲ့မှုကြောင့် သေဆုံး ခဲ့ရသူ များအား ဂါရဝ ပြုခဲ့ကြောင်း သိရှိ ရပါသည်။

''အမ်ရစ်ဆာ'' မြို့သို့ သွားရောက် လည်ပတ်စဉ် ဗြိတိန် ဝန်ကြီးချုပ်က ၁၉၁၉ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အပြစ် မဲ့ အိန္ဒိယ လူမျိုးများအား ဗြိတိန် တပ်ဖွဲ့ဝင် များက အစုလိုက် အပြုံလိုက် သတ်ဖြတ် ခဲ့ခြင်းသည် ဗြိတိန် သမိုင်းတွင် ရှက်ဖွယ်လိလိ လုပ်ရပ်တစ်ခု ဖြစ်သည်ဟု ပြောကြား ခဲ့ကြောင်း သိရှိ ရပါသည်။

ဇေကမ္ဘာ မြန်မာ အိုးပင်း ၂ဝ၁၃ ဂေါက်သီးရိုက် ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မြန်မာနိုင်ငံ ဂေါက်သီး အဖွဲ့ချုပ် မြန်မာ ပီဂျီအေနှင့် Asian Tour တို့ ပူးပေါင်း၍ ဇေကမ္ဘာ ကုမ္ပဏီ လီမိတက်မှ အဓိကပံ့ပိုး ကူညီမှုဖြင့် ကျင်းပသည့် ၂ဝ၁၃ ဇေကမ္ဘာ မြန်မာအိုးပင်း ဂေါက်သီးရိုက် ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် မင်္ဂလာဒုံ မြို့နယ်ရှိ ရွိုင်ရယ် မင်္ဂလာဒုံ ဂေါက်ကလပ်၌ ကျင်းပသည်။

ဖွင့်ပွဲတွင် ရှေးဦးစွာ အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းက အဖွင့်အမှာ စကားပြော ကြားသည်။ ဆက်လက်၍ ဇေကမ္ဘာ ကုမ္ပဏီ လီမိတက် ဥက္ကဋ္ဌ ဒေါက်တာ ခင်ရွှေက အမှာစကား ပြောကြားသည်။ ထို့နောက် Asian Tour ဥက္ကဋ္ဌ ဦးကြည်လှဟန်က ပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း၊ ဇေကမ္ဘာ ကုမ္ပဏီ လီမိတက် ဥက္ကဋ္ဌ ဒေါက်တာ ခင်ရွှေ၊ လွယ်ဟိန်း ကုမ္ပဏီ လီမိတက် ဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်းနှင့် Asian Tour ဥက္ကဋ္ဌ ဦးကြည်လှဟန်တို့က ပြိုင်ပွဲကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးကြပြီး အမှတ် (၁) တီခုံတွင် ဂေါက်သီး ရိုက်၍ ဖွင့်လှစ် ပေးသည်။
ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၄ ရက်အထိ ကျင်းပမည် ဖြစ်ပြီး နိုင်ငံတကာမှ ဂေါက်သီး အကျော်အမော် ၁၂ဝ ကျော်၊ မြန်မာပရို ဂေါက်သီး ကစားသမား ၁၆ ဦး၊ အပျော်တမ်း ဂေါက်သီး ကစားသမား ခြောက်ဦးတို့ ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်သည်။ ဇေကမ္ဘာ မြန်မာအိုးပင်း ဂေါက်သီးရိုက် ပြိုင်ပွဲ၏ လက်ရှိ ချန်ပီယံ သြစတြေးလျ နိုင်ငံသား ကီရန်ပရတ် အပါအဝင် အာရှမှ နာမည်ကြီး ဂေါက်သီး သမားများ ပါဝင် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ဖေဖော်ဝါရီ ၂ဝ

မြန်မာ-အိန္ဒိယ ပထမ အကြိမ် တိုင်းရင်းဆေး ပညာရပ် ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ ဒုတိယနေ့ ကျင်းပ

မြန်မာ- အိန္ဒိယ ပထမ အကြိမ် တိုင်းရင်းဆေး ပညာရပ် ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ ဒုတိယ နေ့ကို မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံ မြို့နယ်ရှိ တိုင်းရင်း ဆေးတက္ကသိုလ် ခန်းမ၌ ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၉ နာရီက ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးမြို့အခြေစိုက် အိန္ဒိယ ကောင်စစ် ဝန်ချုပ် ဒေါက်တာ မဒမ်မိုဟမ်ဆေတီ၊ တိုင်းရင်းဆေး တက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ သန်းမောင်၊ ဆေးသုတေသန ဦးစီးဌာန (အထက် မြန်မာပြည်) ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ ကျော်ဇင်သန့်၊ ပါမောက္ခ ချုပ်များ၊ ဌာနမှူး များနှင့် တိုင်းရင်းဆေး တက္ကသိုလ်မှ တာဝန် ရှိသူများ၊ အိန္ဒိယ နိုင်ငံမှ ဆွေးနွေး ကြမည့် ပညာရှင် များနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။
အဆိုပါ နှီးနှော ဖလှယ်ပွဲ၌ မြန်မာ နိုင်ငံဘက်မှ တိုင်းရင်းဆေး တက္ကသိုလ် ဒုတိယ ပါမောက္ခ ဦးအောင်ကျော်မင်းက အနာပေါက် ရောဂါ ကုထုံး၏ ဖွံ့ဖြိုး တိုးတက်မှုကို လည်းကောင်း၊ လက်ထောက် ကထိက ဦးဌေးလွင်က ဘုရားဟော တရားထဲတွင် ပါသည့် ဆေးကုထုံးများ အပေါ်နှလုံး၊ ဆီးချို၊ သွေးတိုး ရောဂါ ဖြစ်စဉ်များ လေ့လာခြင်းကို လည်းကောင်း ရှင်းလင်း ပြောကြားပြီး အိန္ဒိယ နိုင်ငံဘက်မှ Dr.V.K Shshi က အာယုဗေဒနဲ့ ပတ်သက်သည့် နာတာရှည် ရောဂါ ကုထုံး အကြောင်းကို လည်းကောင်း ရှင်းလင်း ပြောကြားကြောင်း သိရသည်။
မန္တလေး ဖေဖော်ဝါရီ ၁၉


တယ်ရို ဆာဆနာ အသင်း နိုင်ပွဲဆက်

ယနေ့ ညနေ ၄ နာရီတွင် MNL ကလပ် ဧရာဝတီ ယူနိုက်တက် အသင်းနှင့် ထိုင်း ပရီးမီးယား လိဂ်ကလပ် ဘီအီးစီ တယ်ရို ဆာဆနာ အသင်းတို့၏ ခြေစမ်းပွဲကို သုဝဏ္ဏကွင်း၌ ကျင်းပရာ တယ်ရို ဆာဆနာ အသင်း က ၂ ဂိုး - ၁ ဂိုး ဖြင့် အနိုင် ရရှိ သွားသည်။
၂ဝ၁၂ ခုနှစ်က တွေ့ဆုံခဲ့စဉ် တယ်ရို ဆာဆနာ အသင်းကို ရှုံးနိမ့်ခဲ့သည့် ဧရာဝတီ အသင်းမှာ ယခုပွဲစဉ်၌ လည်း ရှုံးကြွေး မဆပ်နိုင် ဖြစ်ခဲ့ရသည်။ ဧရာဝတီ အသင်းမှာ လက်ရွေးစင် အသင်းကြီးသို့ စေလွှတ် ထားရသည့် နိုင်လင်းဦးနှင့် ဖြိုးကိုကိုသိန်း တို့ ပါဝင်ကစား နိုင်ခြင်း မရှိဘဲ နိုင်ငံခြား ကစားသမား များထဲမှ လီအန် ဒရိုနှင့် ဒိုမီနစ် တို့သာ ပါဝင် ကစား နိုင်ခဲ့သည်။ တယ်ရို ဆာဆနာ အသင်းမှာ ရတနာပုံ အသင်းအား အနိုင်ရရှိ ခဲ့သည့် လူစာရင်းကို အပြောင်းအလဲ လုပ်ကာ ပွဲထွက် လာခဲ့ပြီး ဧရာဝတီ အသင်းကို ထပ်မံ အနိုင် ရရှိအောင် ကစား သွားနိုင် ခဲ့သည်။
တယ်ရို ဆာဆနာ အသင်း အတွက် ဂိုးများကို ဒေါ့ဆန်း တို့စ်က ၃၁ မိနစ်နှင့် ၃၇ မိနစ်တို့တွင် သွင်းယူ ပေးခဲ့ပြီး ဧရာဝတီ အသင်း အတွက် ချေပဂိုးကို ၄၃ မိနစ်တွင် ဒိုမီနစ်က ပယ်နယ်တီမှ တစ်ဆင့် သွင်းယူ ခဲ့သည်။
ဖေဖော်ဝါရီ ၁၆ ရက်တွင် သုဝဏ္ဏကွင်း၌ ရန်ကုန် ယူနိုက်တက် အသင်းနှင့် တယ်ရို ဆာဆနာ အသင်းတို့ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားကြမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ဖေဖော်ဝါရီ ၁၄

ဟင်္သာတ မြို့နယ်၌ ပညာရတနာ ကျောင်းဆောင်သစ် ဖွင့်ပွဲ ကျင်းပ

ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၈ နာရီက ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်သည် ဟင်္သာတ မြို့ လောကဥသျှောင် ရှင်သာလျောင်း ဘုရားကြီးအား သွားရောက် ဖူးမြော် ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်း များ ဆက်ကပ် လှူဒါန်းပြီး အလှူငွေ ကျပ်တစ်သိန်း ပေးအပ် လှူဒါန်းသည်။
ယင်းနောက် ရွာသစ် (တောင်) အခြေခံ ပညာ အလယ်တန်းကျောင်း ပညာရတနာ ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးလှခိုင်၊ လူမှုရေး ဝန်ကြီး ဒေါ်ခင်စောမူနှင့် တိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူး တို့က ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကမ္ပည်းမော်ကွန်း ကျောက်စာအား စက်ခလုတ်နှိပ် ဖွင့်လှစ် ပေးကာ အမွှေး နံ့သာရည် ပက်ဖျန်း ပေးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် လယ်တီ ကျေးရွာ အုပ်စု စစ်ပင်ကွင်း၌ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး သင်တန်းကျောင်း ဆောက်လုပ်မည့် နေရာကို ကြည့်ရှု စစ်ဆေးပြီး ဟင်္သာတမြို့ ပျဉ်းမချောင်း ရပ်ကွက် ကြာခံကျောင်းတိုက် အခမဲ့ ဆေးကုခန်း၌ ဆေးဝါး ကုသမှု ခံယူနေသူ များအား ကြည့်ရှု အားပေး ကာ အလှူငွေများ ပေးအပ် လှူဒါန်းသည်။ ယင်းနောက် ဟင်္သာတမြို့ မြစ်ကမ်းပြို ထိန်းသိမ်းရေး လုပ်ငန်း ဆောင်ရွက် ထားမှု၊ ပြည်သူ့ ဆေးရုံနှင့် နတ်မော် ကျေးရွာ အုပ်စု နတ်မော်ကွင်း၌ သဘာဝ ဘေး အန္တရာယ် စီမံ ခန့်ခွဲရေး သင်တန်းကျောင်း ဆောက်လုပ်မည့် နေရာတို့ကို ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။
နေပြည်တော် ဖေဖော်ဝါရီ ၂ဝ