Pages

10.6.13

သမ္မတ ဖြစ်လိုတယ်ပြောတဲ့ သူရ ဦးရွှေမန်းနဲ့ ၂၀၁၅ သမ္မတလောင်းများ

၁၀.၆.၂၀၁၃၊ တနင်္လာနေ့


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ သမ္မတတဦးအဖြစ် တာဝန်ယူလိုတယ်လို့ ပြောကြားလိုက်ပါတယ်။ လွှတ်တော်ရေးရာတွေ လေ့လာဖို့ အမေရိကန် ပြည်ထောင်စုကို ရောက်နေတဲ့ စစ်ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း က ဗွီအိုအေနဲ့ သီးသန့် မေးမြန်းခန်းမှာ အခုလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။ သူရ ဦးရွှေမန်းအနေနဲ့ သမ္မတ လုပ်လိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်တာဟာ ပထမဆုံး ဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲကို ရည်ညွှန်းပြီး သမ္မတ တာဝန်ယူမယ်လို့ ပြောတဲ့သူတွေဟာ လက်ရှိ သမ္မတ ဦးသိန်းစိန်၊ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ၃ ဦး ရှိပြီဖြစ်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ယှဉ်ပြိုင်မှာဖြစ်တယ်လို့ လွန်ခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေုးဖိုရမ်မှာလည်း ထပ်လောင်း အတည်ပြု ပြောဆိုခဲ့ တာပါ။ ဒါပေမယ့် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး အကန့်အသတ် တွေရှိနေပါတယ်။

တချိန်က ကျန်းမာရေးအရ အခု သက်တမ်းတခုကိုသာ သမ္မတ တာဝန်ထမ်းဆောင်မယ်လို့ ပြောဆိုထားတဲ့ ဦးသိန်းစိန် ဟာ မနှစ်က အမေရိကန်ပြည်ထောင်စုခရီးစဉ်အတွင်း မေးမြန်းခန်းတခုမှာတော့ လေသံပြောင်း သွားပြီး ပြည်သူကသာ ဆက်လက်ထောက်ခံရင် သမ္မတတာဝန်ကို ဆက်လက်ထမ်းရွက် လိုကြောင်း ပြောသွားခဲ့ပြန်ပါတယ်။ ဒီအပြင် သမ္မတ ဦးသိန်းစိန်က လွန်ခဲ့တဲ့နှစ်တုန်းက ဘီဘီစီ Hard Talks အစီအစဉ် မှာ ဒေါ်အောင်ဆန်းစုကြည်သည်လည်း သမ္မတ ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ပေမယ့် မကြာသေးခင်က ဦးသိန်းစိန်ရဲ့ ပြောဆိုမှုက ကွဲလွဲနေပြန်ပါတယ်။ ဒီကိစ္စအပါအ၀င် ဒီမိုကရေစီစံညွှန်းကောင်းတွေ ရှိစေဖို့ အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး စိုက်လိုက် မတ်တတ်ပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေခံ ဥပဒေပြင်ဆင်ရေး ကိစ္စကိုတော့ သမ္မတ ဦးသိန်းစိန် က ပယ်ချလိုက်ပါတယ်။


သြစတြေလျးနိုင်ငံ အေဘီစီ ရုပ်မြင်သံကြားနဲ့ သီးသန့် မေးမြန်းခန်းမှာတော့ ဦးသိန်းစိန်က အခြေခံ ဥပဒေကို ပြည်သူ အများစုရဲ့ ထောက်ခံမှုနဲ့ အတည်ပြုခဲ့တာ ဖြစ်တဲ့အတွက် ပြည်သူတွေကလည်း ပြင်ဖို့ သဘောတူဖို့လိုတယ်၊ လွှတ်တော် ကလည်း အတည်ပြုဖို့လိုမယ်၊ လွှတ်တော်ရဲ့ ဆောင်ရွက်ချက်အပေါ်မှာ သူ့အနေနဲ့ ၀င်ရောက် ပြောဆို ပိုင်ခွင့် မရှိဘူးလီု့ ပြောသွားတာပါ။ ဆိုလိုတာက ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရပဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်လို့ရမယ်ဆိုတာပါ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာတော့ လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့ သဘောတူညီမှု ရဖို့ လိုအပ်ပြီး အဲဒီသဘောတူညီမှုကိုလည်း လူထုဆန္ဒခံယူပွဲလုပ်ပြီး မဲပေးသူ ရာခိုင်နှုန်းကျော်က ထောက်ခံဖို့ လိုအပ်တာပါ။ သေချာတာတော့ အခုဆိုရင် ၂၀၁၅ ခုနှစ်အတွက် သမ္မတလောင်း ၃ ဦးကတော့ အထင်အရှား ပေါ်ထွက် လာနေပါပြီ။ အဆိုပါ သမ္မတလောင်း ၃ ဦး ဘယ်သူ သမ္မတ ဖြစ်လာမလဲ ဆိုတာတော့ စောင့်ကြည့်ကြရုံ သာဖြစ် ပါတော့တယ်။ဧရာဝတီBlog

KNU နဲ့ အစိုးရ တပ်ပိုင်းဆိုင်ရာ နေရာချထားရေး

၁၀.၆.၂၀၁၃၊ တနင်္လာနေ့
ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုကော်မတီက သူတို့တပ်တွေနဲ့ အစိုးရတပ်တွေအကြား စစ်တပ်ပိုင်းဆိုင်ရာ အနေအထားနဲ့ ပတ်သက်လို့ ဒီကနေ့က စတင်ပြီး ညှိနှိုင်းတိုင်ပင်မယ်လို့ KNU ရဲ့ အဆင့်မြင့်ခေါင်းဆောင် တဦးဖြစ်တဲ့ ပဒိုသမိန်ထွန်းကပြောပါတယ်။

မြဝတီမှာပြုလုပ်တဲ့ ကရင်အမျိုးသားအခမ်းအနားတခုမှာ ”နှစ်ဖက် တပ်တည်နေရာနဲ့ ပတ်သက် တဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ လိုက်နာရမယ့် ကျင့်ဝတ်တွေနဲ့ ပတ်သက်ပြီး KNU မှာ ဆွေးနွေးကြမှာဖြစ်တယ်။ ပြီးတာနဲ့ သမတဦးသိန်းစိန်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ရက်ချိန်း တောင်းမယ်” လို့ ပဒိုသမိန်ထွန်းကပြောလိုက်ပါတယ်။ အစိုးရနဲ့ KNU ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲကို တရားဝင်ပြု လုပ်ခဲ့တာ ၃ ကြိမ်ရှိခဲ့ပါပြီ။ သို့သော်လည်း တပ်ပိုင်းဆိုင်ရာ နေရာချထားရေးနဲ့ပတ်သက်ပြီး တခါမှ ဆွေးနွေးခဲ့ခြင်း မရှိသေးဘူး၊ ဒီတကြိမ်တော့ ဆွေးနွေးနိုင်ကောင်းပါရဲ့ဆိုပြီး ကရင်အမျိုးသားတွေ က မျှော်လင့်နေကြကြောင်း ကရင့်အရေး လေ့လာနေသူတွေက ဆိုပါတယ်။

တောင်ပိုင်း ထားဝယ်ကနေ မြောက်ဖက်ဖာပွန်ဒေသအထိ KNU တပ်မဟာနဲ့ ခရိုင် ၇ ခုမှာ အစိုးရစစ်တပ် စခန်း ၃ဝဝ ခန့် တပ်စွဲထားပါတယ်။အဲဒီအထဲက တပ်စခန်း ၁ဝဝ ဝန်းကျင်ကို ကရင်ကျေးရွာတွေထဲမှာ တပ်စခန်းအခြေ စိုက်ထားရာကနေ ဖယ်ရှားပေးဘို့ ကရင်တွေဘက်က တောင်းဆိုနေတာပါ။ အစိုးရဘက်ကတော့ ကရင်ဘက်ကတောင်းဆိုနေတာတွေကို စိတ်ဝင်စားပုံ မရတဲ့အတွက် တပ်ပိုင်း ဆိုင်ရာ ဆွေးနွေးမဲ့ကိစ္စ ဒီနေ့အထိ သောင်မ တင်ရေမ ကျဖြစ်နေတာလို့ ကရင်တပ်မှူးအချို့က သုံးသပ်ပြောဆိုနေပါတယ်။ ဒီလအတွင်းမှာရော ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်ဘက် ဆွေးနွေးဖို့ဖြစ်နိုင် ပါ့မလား။ ဒါကတော့ အစိုးရဘက်မှာ အများကြီးမူတည်တယ်လို့ အချို့ကရင် တပ်မှူးတွေက ပြောဆိုကြပါတယ်။

ဒီကနေ့ စတင်မယ့် KNU ဗဟိုကော်မတီအစည်းအဝေး ပြီးသွားရင်တောင် မှ မြန်မာအစိုးရနဲ့တွေ့ဆုံနိုင်ဖို့အတွက် တဖက်ကပေးမယ့် ရက်ချိန်းကို ကရင်တွေဘက်က စောင့်နေရအုံးမှာဖြစ်ပါတယ်။

အစိုးရနဲ့တွေ့မယ် ဆိုရင် ...

ဒီတကြိမ် အစိုးရနဲ့ ထပ်ပြီး တွေ့ဆုံမယ့် ကိစ္စဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်ရဲ့ အရေးကြီးတဲ့အခန်းကဏ္ဍဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပနဲ့ ကရင့်အရေးလေ့လာသူတွေ၊ ကရင်အမျိုးသားရေး ဆောင်ရွက်နေကြတဲ့သူတွေအထူးစိတ်ဝင်တစား စောင့်ကြည့်နေကြတယ်လို့လည်း သူတို့သဘောထားကို ပြောဆိုကြပါတယ်။ နှစ်ဘက်တပ်တွေလိုက်နာရမယ့် ကျင့်ဝတ်ဆိုင်ရာများနဲ့ ပတ်သက်ပြီး KNU ဘက်က ဘယ်အတိုင်းအတာထိ ဆောင်ရွက်နိုင်မှာလဲ ဆိုတာကတော့ ဒီကနေ့ KNU ဗဟိုကော်မတီဆွေးနွေးပွဲရဲ့ရလဒ်ကို စောင့်ကြည့်ရမှာဖြစ်တယ် လို့လည်း သူတို့က ဖြည့်စွက်ပြောဆိုကြပါတယ်။

ကရင် အနာဂတ် နဲ့ KNU

KNU အဖွဲ့ဟာ အမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိဖို့အတွက် ၁၉၄၉ ခုနှစ်ကစပြီး အစိုးရအဆက်ဆက်ကို လက်နက်ကိုင် တိုက်ပွဲဝင် လာခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ ကရင်ဘုန်းတော်ကြီးတပါးကတော့ တမျိုးသားလုံးရဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်တဲ့ KNU အနေနဲ့ ကရင်တမျိုးသားလုံးရဲ့ အနာဂတ် ကံကြမ္မာဟာ လက်ရှိနိုင်ငံရေးအခြေအနေအရ KNU အပေါ်မှာ အများကြီး မူတည်တယ်လို့ မိန့်ကြားပါတယ်။

Irrawaddy Blog

မြန်မာ့တပ်မတော်တွင် အမျိုးသမီးတပ်မှူးများ စတင်ခန့်အပ်

၁၀.၆.၂၀၁၃၊ တနင်္လာနေ့
 

မြန်မာ့တပ်မတော်တွင် အမျိုးသမီးအရာရှိကြီးများအား ပထမဆုံးအကြိမ်အဖြစ် တပ်မှူးရာထူးများအား စတင်ခန့်အပ်ခဲ့ကြောင်းသိရှိရသည်။ ဆေးဘက်ဆိုင်ရာပါရဂူများဖြစ်သည့် ဗိုလ်မှူးကြီးဒေါ်ကေသီထွန်းအား တပ်မတော်သားဖွား မီးယပ်နှင့် ကလေးဆေးရုံ(ရန်ကုန်)တပ်သို့လည်းကောင်း၊ ဗိုလ်မှူးကြီးဒေါ်အေးအေး အား တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံ (နေပြည်တော်)တပ်သို့လည်းကောင်း တပ်မှူးများ အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အမျိုးသမီးအရာရှိကြီးများအား မြန်မာ့တပ်မတော် တွင် တပ်မှူးရာထူးပေးအပ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း အငြိမ်းစားတပ်မတော် အရာရှိကြီး တစ်ဦးမှပြောကြားခဲ့သည်။ ၎င်းမှ “အခုလို အမျိုးသား၊ အမျိုးသမီးမခွဲခြား ဘဲအရည်အချင်းပေါ်မူတည်ပြီး ရာထူးတာဝန်ပေးအပ်တာ အလွန်ကောင်းတဲ့ အစဉ်အလာတစ်ခုပါ။ လက်ရှိ ကာချုပ်လက်ထက်မှာ အရာရှိတွေကို တာဝန်ပေးအပ်ရာမှာ တော်ရင်တော်သလို၊ လုပ်နိုင်ရင် လုပ်နိုင်သလို အရည်အချင်းကို ကြည့်ပြီး ရာထူးပေးတာကိုတွေ့ရပါတယ်။ အခုဆိုရင် အလုပ်သင်ဗိုလ်သင်တန်းကပြီးတဲ့ အရာရှိကြီးတွေ ကို ဒေသကွပ်ကဲမှုဌာနချုပ်မှူး တာဝန်တွေပေးလာတာကိုလည်းတွေ့ရပါတယ်။ ဒါကောင်းတဲ့ အစဉ်အလာ တစ်ခုပါ”ဟုပြောဆိုသွားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့်ယခုနှစ် အစောပိုင်းကလည်း တိုက်ပွဲတွင်ထူးချွန်စွာ တိုက်ခိုက်ခဲ့ကြသည့် အရာရှိ၊ စစ်သည်များကိုလည်း တစ်ဆင့်မြင့်ရာထူးများ တိုးမြှင့် ပေးခဲ့ကြောင်း သိရသည်။

Win Thant

Myanmar Online News

ကျိုက္ခမီ- မော်လမြိုင်- ရန်ကုန် မှန်လုံ ယာဉ်အား ဓားပြတိုက်မှု ဖြစ်ပွား

၉.၆.၂၀၁၃၊ တနင်္လာနေ့


သထုံမြို့နယ် တောင်စွန်းကျေးရွာ အုပ်စု အောင်းဆိုင် ကျေးရွာ အနီး၊ ရန်ကုန်- မော်လမြိုင် ကားလမ်းပေါ်ရှိ မိုင်တိုင် အမှတ် (၁၅၄/၄) နှင့် (၁၅၃/၅) အကြားတွင် ဇွန် ၈ ရက် ည ၁ဝ နာရီ ၂၅ မိနစ် ခန့်က ခရီးသည်တင် ယာဉ်တစ်စီးအား ဓားပြတိုက်မှု ဖြစ်ပွားခဲ့ရာ ယာဉ်နောက်လိုက်တစ်ဦး သေဆုံး၍ ယာဉ်မောင်း၏ ယာပါး သေနတ်ကျည်ထိ မှန်ကာ လျှာပြတ် ဒဏ်ရာဖြင့် မေ့မြော နေသဖြင့် သထုံဆေးရုံသို့ ပို့ဆောင် ဆေးကုသစဉ် ဇွန် ၉ ရက် နံနက် ၅ နာရီ ၂၅ မိနစ်ခန့်တွင် ရရှိ ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။




ယာဉ်ပေါ်တွင် လိုက်ပါစီးနင်း လာသူ ခရီးသည်များ၏ ပြောပြချက်အရ အဆိုပါ ဓားပြ ငါးဦးမှာ မော်လမြိုင်မှ လိုက်ပါ လာခဲ့ခြင်းဖြစ်ပြီး ဇင်းကျိုက် ကျေးရွာအလွန် အရောက်တွင် ခွဲစိတ်ခန်းသုံး မျက်နှာ ဖုံးများ တပ်ဆင်ပြီး လေးဦးမှ သေနတ် အတို တစ်လက်စီ ကိုင်ဆောင်ကာ ခေါင်းဆောင်ဟု ယူဆရသူတစ်ဦးက ယာဉ်မောင်းအနီး သွားရောက်၍ အမိုးပေါ်သို့ သေနတ်တစ်ချက်ပစ်ဖောက်၍ ယာဉ်မောင်း အား သေနတ်ဖြင့်ချိန်ထားခဲ့ကြောင်း၊ ထိုအချိန်တွင် ကျန်လေးဦးက ခရီးသည်များထံမှ လက်ဝတ် လက်စား များ၊ ငွေနှင့် တယ်လီဖုန်းများကို သိမ်းဆည်း၍ မော်တော်ယာဉ်အား ရပ် တန့်စေပြီး ယာဉ်မောင်းအား ယာဉ်ပေါ်၌ ထိုင်နေစေကာ ကျန်ခရီးသည် များအား ယာဉ်ပေါ်မှ ဆင်းခိုင်းခဲ့ကြောင်း၊ ဓားပြအဖွဲ့မှ တစ်ဦး သည် ယာဉ်အား မီးရှို့မည်ဟုဆိုကာ ယာဉ်မောင်းအား ဆီတိုင် ကီ ပြခိုင်းရာ ယာဉ်မောင်းမှ ကြောက်လန့်၍ ပစ္စည်းထည့် နေရာအား ပြသဖြင့် စေခိုင်းသူမှ ယာဉ်နောက်လိုက်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ အခြားတစ်ဦးက အပြင်မှနေ၍ ယာဉ်မောင်းအား ပစ်ခတ် ခဲ့ကြောင်း၊ ၎င်းနောက် ခရီးသည်များအား ထွက်ခွာသွားရန် ပြောကြားခဲ့ကြောင်း သိရှိရသည်။

ခရီးသည်များ အနက် ခြောက်ဦးသည် ည ၁၁ နာရီ မိနစ် ၄ဝ ခန့်တွင် သထုံမြို့ အလယ်အဝိုင်းပတ် အနီးရှိ မီးသတ် ဌာနသို့ ရောက်ရှိ သတင်းပို့ခဲ့သဖြင့် မီးသတ်ဌာနမှ နယ်မြေခံ တပ်နှင့် ရဲတပ်ဖွဲ့ တို့ထံ ဆက်သတင်း ပို့ခဲ့ရာ နယ်မြေခံ စစ်ကြောင်းများနှင့် ရဲတပ်ဖွဲ့ဝင်များမှ ပူးပေါင်း၍ စုံစမ်းရှာဖွေ ဖော်ထုတ်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ

သမ္မတ ဦးသိန်းစိန်နဲ့ RCSS/ SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ယောဆခ် တွေ့ဆုံ

သမ္မတ ဦးသိန်းစိန်ဟာ ရှမ်းပြည်တပ်မတော် RCSS/ SSA ဥက္ကဋ္ဌ ဗိုလ်ချုပ် ယောဆခ် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ တွေ့ဆုံကြပါတယ်။ အဲဒီလိုတွေ့ဆုံကြရမှာ ထူးခြားမှု တခုအနေနဲ့တွေ့ရတာက ဗုဒ္ဓမြတ်စွာဘုရားဆင်းတုတော် တဆူကို သမ္မတနဲ့ ဗိုလ်ချုပ် ယောဆခ်တို့ကြားမှာ တွေ့ရတာပါ။ ဗိုလ်ချုပ်ယောဆခ်က သမ္မတဦးသိန်းစိန်ကို အဆိုပါ ဆင်းတုတော်နဲ့ ရှမ်းရိုးရာ ၀တ်စုံတခု လက်ဆောင် အဖြစ် ပေးအပ်ခဲ့တယ်လို့ သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်က သူ့ဖေ့စ်ဘုတ်မှာ ဖော်ပြထားပါတယ်။ RCSS/ SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ယောဆခ်နဲ့ အဖွဲ့ဟာ သမ္မတ ဦးသိန်းစိန်နဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ အပါ အ၀င် ဒေသ ဖွံ့ဖြိုး ရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးဖို့ နေပြည်တော် ကို ယမန်နေ့က ညနေ ၅ နာရီကျော်က ရောက်လာခဲ့ တာပါ။ နေပြည်တော်လေဆိပ်ကို ရောက်လာတဲ့ ဗိုလ်ချုပ်ယောဆခ်နဲ့ ကိုယ်စားလှယ်အဖွဲ့ကို သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့က သွားရောက်ကြိုဆိုခဲ့တာလည်းဖြစ်ပါတယ်။

Iron Man ရုပ်ရှင်ထဲကဖုန်းမျိုး မကြာခင်သုံးရတော့မည်

တကယ်မှန်အတိုင်း ထိုးဖောက်မြင်နေရမယ့် စမတ်ဖုန်း Prototype ကို ထိုင်ဝမ် ပိုလီထရွန် ကုမ္မဏီက ပြသခဲ့ တာ ဖြစ် ပါတယ်။ စပီကာ၊ ဆင်းကဒ်၊ meomry ကဒ် တို့ကို အထင်းသားကြီး မြင်နေရပြီး မျက်နှာပြင်မှာ အရောင် လက်လက်၊ လက်လက် နဲ့ ယခုလို မြင်တွေ့ရ ပါတယ်။ အင်တာဗျူး မှာတော့ ကုမ္မဏီရဲ့  ပြောဆိုချက်ရ ၂၀၁၄ မှာ အမှန် တကယ် ထုတ်လုပ် လာ နိုင်မယ့် ဟန်းဆက်ဖြစ်လာအောင် ကြိုးစားမယ်လို့ ဆိုပါတယ်။ သူတို့က ဟာ့ဒ်ဝဲ အသားပေး ထုတ်တဲ့ ကုမ္မဏီ ဖြစ်တဲ့အတွက် ယင်းနည်းပညာကို အခြားကုမ္မဏီများအား ရောင်းချ မှာ ဖြစ်ပါတယ်။
နည်းပညာ ရောင်းနိုင်ပေမယ့် ကုန်ကြမ်းကျတော့ တော်တော်လေး ရှာယူကြိုးစား ရမှာပါ။ ဖန်သားလို မြင်နေရတဲ့ သတ္တုပေါ်မှာ ရောင်စုံ ပုံရိပ်တွေ ပေါ်အောင် လုပ်ထားတဲ့ နည်းပညာဆိုတော့ ကမ္ဘာ့ အိုင်တီ Gadgets လောကကို တုန်လှုပ်စေအုံးမယ့် တီထွင်ဆန်းသစ်မှု တစ်ခုလည်း ဖြစ်ပါတယ်။
Ref: Techgad

မလေးရှား မှာ ရခိုင်တချို့ တိုက်ခိုက်ခံရ

မလေးရှား နိုင်ငံမှာ အလုပ် လုပ်ဖို့ရောက်လာတဲ့ ရခိုင် တချို့ ဒီရက် အတွင်း တိုက်ခိုက်ခံ ရမှု တွေ ရှိနေ ပါတယ်။ မနေ့ က ဆိုရင် ရခိုင် ပြည်နယ် ရသေ့တောင် မြို့နယ် မှ ရောက် လာသူ ကိုခင်မောင်ဝင်း ဟာ မလေးရှား ထီးစက်ရုံ မှ အလုပ်သမား တယောက် ဖြစ် ပါတယ်။ မလေးရှား ရောက်တာ ၉ လ မျှ ရှိပါသေးတယ်။

ဇွန်လ ၈ ရက် မနက်စောစော ၃ နာရီ ခန့် မှာ ရခိုင် အလုပ်သမား ၆ ယောက် အိပ်နေစဉ် သစ်သားအိမ် ရဲ့ အိမ်နံရံ သွပ်ပြား လက်တဝါးခန့် အပေါက် မှ စပရေးဗူး နဲ့ ဖျန်းရာ၊ အလုပ်သမား တွေ ဟာ မျက်စိစပ်၊ အသက်ရှူ မွန်းလာတဲ့ အတွက် အိမ်တံခါး ကို ဖွင့်လိုက်ကြပါတယ်။ ဒီအခါ မှာ မျက်နှာဖုံး တပ်ထားတဲ့ လူခြောက်ယောက် ဟာ ဓါး ကိုယ်စီ ကိုင်ဆောင် ထားပြီး အလုပ်သမားတွေ ကို ခုတ်ပါတယ်။ လေးယောက် က ထွက်ပြေး လွတ်မြောက် သွားကြပါတယ်။

ကိုခင်မောင်ဝင်း နဲ့ အခြား အလုပ်သမား တယောက် ကတော့ တိုက်ခိုက်ခံရပါတယ်။ ကိုခင်မောင်ဝင်း ဟာ လက်၊ နှာခေါင်း နဲ့ ခေါင်း တွေမှာ ဒဏ်ရာရပြီး မေ့မျော သွားတဲ့ အတွက် မိတ်ဆွေ တွေက ဆေးရုံတင်တဲ့ အကြောင်း ဘီဘီစီ ကိုပြောပြပါတယ်။ သူတို့ကို တိုက်ခိုက်သူတွေ ဟာ ကိုယ်လုံး ကိုယ်ထည် ထွားကျိုင်းပြီး၊ မလေး စကား ပြောကြပေမယ့်၊ ပီသခြင်း မရှိ၊ မြန်မာလိုတော့ မပြော တဲ့ အတွက် အိန္ဒိယ မှ မွတ်စလင် တွေ ဟု ထင်မြင်ကြောင်း၊ သူ တို့ အလုပ်လုပ်တဲ့ ထီးစက်ရုံ မှာ အဆိုပါ လူမျိုးတွေ များ ကြောင်း ဘီဘီစီ ကို ကိုခင်မောင်ဝင်း က ရှင်းပြပါတယ်။

ဒီအခင်းဖြစ်မှု မတိုင်မီ၊ ပြီးခဲ့တဲ့ ရက်ကလည်း မြန်မာ လူမျိုး သုံးယောက် တိုက်ခိုက်ခံ ရတဲ့ အခါမှာ နှစ်ယောက်ဟာ နေရာတင် ပွဲချင်းပြီး သေဆုံးသလို၊ ကျန်တယောက် က ဆေးရုံ အရောက် မှာ သေဆုံးတဲ့ အကြောင်း မလေးရှားဒေသခံ တယောက် က ဘီဘီစီ ကို ပြောပါတယ်။
Ref: BBC Burmese

နိုင်ငံပိုင် မီဒီယာတွေကို အများပြည်သူ ဝန်ဆောင်မှု မီဒီယာအဖြစ် ပြောင်းလဲသွားမည်

နိုင်ငံပိုင် မီဒီယာတွေကို အများပြည်သူ ဝန်ဆောင်မှု မီဒီယာတွေအဖြစ် ပြောင်းလဲသွားမယ်လို့ အစိုးရ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဒီနေ့ အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း ရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။ ရန်ကုန်မြို့ သိမ်ဖြူလမ်း ပြန်ကြားရေးရုံးမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံပိုင် မီဒီယာတွေကို အများပြည်သူ ဝန်ဆောင်မှု မီဒီယာတွေအဖြစ် ပြောင်းလဲသွားမယ့်အကြောင်း ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောခဲ့တာပါ။ "မီဒီယာက အာဏာရပါတီ၊ အာဏာရအစိုးရကို ကိုယ်စားပြုလို့မရတော့၊ ဒါ့ကြောင့် နိုင်ငံပိုင် မီဒီယာကို အများပြည်သူ ဝန်ဆောင်မှု မီဒီယာအဖြစ်ပြောင်းရမယ်၊ အဲလိုပြောင်းတဲ့အခါမှာလည်း တကယ်ကို နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ပြည်သူတွေလိုချင်တဲ့ သတင်းအချက်အလက်အားလုံကိုပေးနိုင်တဲ့၊ ပြည်သူတွေပြောတဲ့ဟာတွေအားလုံးကို တင်ပြပေးနိုင်တဲ့ မီဒီယာတစ်ခုဖြစ်အောင်၊ နောက် အင်အားနည်းအုပ်စုတွေ၊ လူနည်းစုတွေအထိ ပျံ့နှံ့ရောက်အောင်ကြိုးစားပြီးတော့ ကြိုးပမ်းမှာဖြစ်တယ် " အစိုးရပိုင် မီဒီယာတွေကို ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ဖို့ ပြင်ဆင်ရာမှာ ကြေးမုံ၊ မြန်မာ့အလင်း သတင်းစာတွေအပြင် မြန်မာ့အသံ၊ အသံလွှင့်ဌာနကိုလည်း အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထိမ်းချုပ်မှုအောက်မှာ မထားတော့ပဲ သီးသန့်ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးအဖွဲ့ကနေ စီမံခန့်ခွဲသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲလို အချိန်မျိုးမှာ နိုင်ငံရေးပါတီတွေရဲ့ ရပ်တည်ချက်တွေကို အများပြည်သူသိရှိအောင် ဖော်ပြပေးသွားမှာဖြစ်သလို တိုင်းရင်းသားဘာသာစကားအားလုံးနဲ့လည်း တင်ပြသွားဖို့ရှိတယ်လို့ ဆိုပါတယ်။ အဲဒီလို အကောင်အထည်ဖေါ်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်က လိုအပ်တဲ့ဘဏ္ဍာငွေရဲ့ ၇ဝ% ကို ထောက်ပံ့ပေးရမှာဖြစ်သလို ကျန်တဲ့ ၃ဝ% ကိုတော့ ကြော်ငြာခကနေ ရယူသုံးစွဲသွားမယ်လို့ ဆိုပါတယ်။ အခုရေးဆွဲထားတဲ့ မီဒီယာဥပဒေကြမ်းဟာ ပုဂ္ဂလိကသတင်းစာ ဂျာနယ်စတာတွေနဲ့ သက်ဆိုင်မှုမရှိပဲ အစိုးရမီဒီယာတွေ ပြုပြင်ပြောင်းလဲရေးအတွက် ရေးဆွဲထားတဲ့ မီဒီယာဥပဒေမူကြမ်းသာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီမီဒီယာဥပဒေမူကြမ်းကို ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF နဲ့ နိုင်ငံတကာ ကျွမ်းကျင်သူတွေရဲ့ အကြံပြုချက်တွေအပြင် ဥရောပနိုင်ငံတွေမှာ လေ့လာပြီး ရေးဆွဲထားတဲ့ ဥပဒေကြမ်းလို့ သိရပါတယ်။ အများပြည်သူ ဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်မှာတင်ပြပြီး အတည်ပြုချက်ရယူရမှာ ဖြစ်ပါတယ်။ From: Myanmarexpress

ရခိုင်ပဋိပက္ခ ၁ နှစ်ပြည့် အခမ်းအနားတွေ ကျင်းပ

ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခ တစ်နှစ်ပြည့် ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားတစ်ခုကို ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့က ဦးဆောင်ပြီး ဒီကနေ့စစ်တွေမြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီအခမ်းအနားပြုလုပ်ရတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ရဲ့ ဘဏ္ဍာရေးမှူး ကိုစောနိုင်လင်းက RFA ကို အခုလိုပြောပါတယ်။

"သေဆုံးသွားတဲ့ ရခိုင်ပြည်သူပြည်သားတွေအားလုံးကို ကျနော်တို့က ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ပြုလုပ်ရခြင်းဖြစ်ပါတယ်၊ အစီအစဉ်ကတော့ သံဃာ ၉ ပါးကို ဆွမ်းကပ်လှူပြီးတော့ ကျနော်တို့ ကျောင်းသူကျောင်းသားတွေက ရေစက်ချအမျှဝေတယ်"

အလားတူ ဆုတောင်းပွဲမျိုး ဒီကနေ့ရန်ကုန်မြို့၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ဓညဝတီကျောင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ရာမှာ အသက်ဆုံးရှုံးခဲ့ကြရသူ ရဟန်းရှင်လူတွေအတွက် တစ်နှစ်ပြည့်မြောက်အဖြစ် အမျှပေးဝေ ဆုတောင်းမေတ္တာပို့သတဲ့ပွဲနဲ့ ပတ်သက်လို့  ရခိုင်အမျိုးသားကွန်ရက် ဥက္ကဌ ဦးတင်ထူးအောင်က RFA ကိုပြောပါတယ်။

“ရခိုင်ပြည်နယ်မှာ ဒီဒုတိယအကြိမ် အကြမ်းဖက်ခံရတဲ့ ပဋိပက္ခတွေဖြစ်တဲ့ ၁ နှစ်ပြည့်တဲ့ အခမ်းအနားတစ်ခုပါ၊ ဆွမ်းကျွေး အမျှဝေပြီးတော့ ကျနော်တို့ဒီမှာ ကျဆုံးသွားတဲ့ ရဟန်းပြည်သူ၊ မိဘပြည်သူတွေကို ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းတွေက ဦးစီးဦးဆောင်ပြီးတော့ ကုသိုလ်ကောင်းမှုလုပ်ခဲ့တယ်”

ဒီအခမ်းအနားကို ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်လည်း တက်ရောက်ခဲ့ပြီး လူတစ်ရာနီးပါး တက်ရောက်ခဲ့ကြပါတယ်။

From: myanmarexpress