Pages

10.10.14

SSPP/SSA နှင့် တပ်မတော် တိုက်ပွဲများကြောင့် အရပ်သား (၅) ဦးသေ၊ (၃) ဦး ဒဏ်ရာရ ဒေသခံ (၂၀၀) ကျော် ထွက်ပြေး တိမ်းရှောင်နေရ


ရှမ်းပြည်နယ် မြောက်ပိုင်း၊ တာဖာဆောင် ဒေသတွင် ရှမ်းပြည် မြောက်ပိုင်း တပ်မတော် (SSPP/SSA) နှင့် တပ်မတော်တို့ အကြား ဖြစ်ပွား ခဲ့သော တိုက်ပွဲ များကြောင့် ဒေသခံ ပြည်သူငါးဦး သေဆုံး၍ သုံးဦး ဒဏ်ရာ ရရှိခဲ့ပြီး၊ (၂၀၀) ကျော်ခန့် ထွက်ပြေး တိမ်းရှောင်နေ ရကြောင်း SSPP/SSA ထံမှ သိရသည်။ ယခုလ (၂) ရက်နေ့မှ စတင်၍ တပ်မတော်နှင့် SSPP/SSA တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တပ်မတော်မှ  လက်နက်ကြီး များဖြင့် ပစ်ခတ်မှု များကြောင့် ယခုလ (၃) ရက်နေ့ နံနက် (၈) နာရီခွဲ အချိန်ခန့်တွင် SSPP/SSA မှ အရေးပေါ် ဗဟို ကော်မတီ အစည်းအဝေး ခေါ်ယူခဲ့ပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားမည် စိုးသောကြောင့် SSPP/SSA ဗဟို ညွှန်ကြားချက်ဖြင့် တပ်များ ဆုတ်ခွာခဲ့ကြောင်း သိရသည်။ ကျွန်တော်တို့ မြေပြင် စာရင်း ကောက်ယူ ထားတာပါ။ ဟိုဘက် ဒီဘက် ပစ်ရင်းနဲ့ သေကြတာတွေ ရှိတယ်။ တိုက်ပွဲဖြစ်ပြီ ဆိုရင် ပြည်သူတွေပဲ နစ်နာတယ်။ တချို့အိမ်တွေလည်း ပျက်စီး သွားတာတွေရှိတယ်။

                    သေဆုံးတဲ့ အထဲမှာ နမ့်ပေါင် ရွာလူကြီးတစ်ဦး ပါတယ် ဟု ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSPP/SSA အတွင်းရေးမှူး စ၀်ခွန်ဆိုင်က The Messenger Media  သို့ ပြောသည်။ ယခုလ (၂) ရက်နေ့တွင် တပ်မတော်၏ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ (၂၄၇)၊ ခလရ (၂၄၈)၊ ခလရ (၂၉၄)၊ ခမရ (၅၁၆)၊ လခရ (၂၈၇)၊ ခလရ (၉)၊ ခလရ (၁၂)၊ အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ (၅၂၃)၊ ခမရ (၃၂၆) စသည့် တပ်ရင်း ကိုးရင်းမှ ခန့်မှန်း အင်အား (၁၅၀၀) ခန့်နှင့် SSPP/SSA တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နေရာ ငါးနေရာကို တစ်ပြိုင်တည်း  နှစ်ကြိမ် တိုင်တိုင် တိုက်ခိုက်ခဲ့ကြောင်း SSPP/SSA  ဘက်မှ ဆိုသည်။

                 ကျွန်တော်တို့ ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီးတော့ သေချာလေ့လာ စာရင်း ကောက်နေတယ်။ ပြီးတော့ အချောသပ် ပြုစုပြီးတော့ (SSPP/SSA) နိုင်ငံရေး ဌာန အနေနဲ့ ရက်ပိုင်းအတွင်း ပြည်သူလူထု သိအောင် သတင်းထုတ်ပြန်ပေး သွားမှာပါ  ဟု  စ၀်ခွန်ဆိုင်က ဆက်ပြောသည်။ ယခုလ (၄) ရက် နေ့တွင် တပ်မတော်၏ ဒေသ နှစ်ခုအား ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA) က ပြန်လည် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး တပ်မတော်မှ စစ်ကူ မ၀င် ရောက်စေရန် တာဇောင်း တံတားအား ဖောက်ခွဲပစ်လိုက်ကြောင်း SSPP/SSA က ပြောကြား ထားခဲ့သည်။

                SSPP/SSA  က ပြန်လည် သိမ်းပိုက်ခဲ့သည့် ဒေသနှစ်ခုမှာ တပ်မတော်မှ တာဖာဆောင် ဒေသအား လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့သည့်   နန်ပွတ်တပ် စခန်းနှင့် စစ်ကူ ပေးမည့် ကွန်မိုင်ညောင်ဒေသတို့ ဖြစ်ပြီး နန်ပွတ်တပ် စခန်းအား SSPP/SSA တပ် အမှတ်(၇၄)မှ   ဖျက်ဆီးပစ် ခဲ့ကြောင်း  SSPP/SSA ထံမှ သိရသည်။

Mizzima

ဆိုဗီယက် ခေါင်းဆောင်ဟောင်း ဂိုဗာချော့ဗ် ကျန်းမာရေး ဆိုးရွားသဖြင့် ဆေးရုံတက်နေရ


ကျန်းမာရေး အခြေအနေ ဆိုးရွားလာမှုကြောင့် ဆိုဗီယက် ခေါင်းဆောင်ဟောင်း မစ်ခေးလ် ဂိုဗာချော့ဗ်ကို ဆေးရုံတင်ထားရပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း သတင်းရရှိသည်။

ရုရှားသတင်းဌာနများက အောက်တိုဘာ (၉)ရက်တွင် အဆိုပါ သတင်းကို စတင်ဖော်ပြလာခြင်း ဖြစ်သည်။ ဂိုဗာချော့ဗ်သည် အသက်(၈၃)နှစ် အရွယ် ရှိနေပြီ ဖြစ်သည်။ Ria Novosti သတင်းဌာန၏ ဖော်ပြချက်အရ ဂိုဗာချော့ဗ်က “ကျွန်တော့် ကျန်းမာရေး အခြေအနေက တစ်ပတ်လောက်တော့ အသင့်အတင့် အခြေအနေ ရှိခဲ့တယ်။ ဒီနေ့မှာတော့ ဆေးရုံတက်နေရပါပြီ။ ကျွန်တော့် ကျန်းမာရေးက တဖြည်းဖြည်း ဆိုးလာနေတယ်”ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ဂိုဗာချော့ဗ် အနေဖြင့် မည်သည့်နေရာ၊ မည်သည့်ဆေးရုံတွင် ကုသမှု ခံယူနေသည် ဆိုခြင်းကိုမူ တိတိကျကျ သတင်းထုတ်ပြန်မှု မရှိခဲ့ချေ။ ဆိုဗီယက်ယူနီယံကြီး မပြိုကွဲမီ နောက်ဆုံးဦးဆောင်ခဲ့သည့် ဂိုဗာချော့ဗ်သည် (၂၀၁၃)ခုနှစ်၊ ဇွန်လက ဆေးရုံတက်ခဲ့ဖူးသော်လည်း ယင်းသည် အထွေထွေကျန်းမာရေးစစ်ဆေးမှု ရည်ရွယ်ချက်အတွက်သာ ဖြစ်ကြောင်း သိရသည်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်တစ်ဦးလည်း ဖြစ်သည့် ဂိုဗာချော့ဗ်သည် လတ်တလောတွင် ဆီးချိုရောဂါကို အပြင်းအထန် ခံစားနေရကြောင်း ရုရှားမီဒီယာများက ဖော်ပြခဲ့သည်။ ဂိုဗာချော့ဗ်သည် (၁၉၈၅)ခုနှစ်က ဆိုဗီယက်ခေါင်းဆောင် ဖြစ်လာပြီး တံခါးဖွင့် မူဝါဒနှင့် ပြန်လည်တည်ဆောက်မှု လမ်းစဉ်များကို ချမှတ်ခဲ့သူ ဖြစ်သည်။ ၎င်းလက်ထက်တွင် ဆိုဗီယက်၏ နိုင်ငံရေးနှင့် စီးပွားရေး ကဏ္ဍသည် ကြီးမားစွာ ပြောင်းလဲလာခဲ့သည်။

(၁၉၉၁)ခုနှစ်တွင် ဂိုဗာချော့ဗ်သည် မော်စကိုက တိုက်ရိုက်အုပ်ချုပ်ထားသည့် ဒေသများတွင် ကိုယ်ပိုင် လွတ်လပ်ရေး ကြေညာနိုင်စွမ်းကို ခွင့်ပြုခဲ့ပြီး ဘီလာရုစ်၊ ယူကရိန်းတို့ ခွဲထွက်မှုနှင့်အတူ ဆိုဗီယက် ယူနီယံ ပြိုကွဲသွားခဲ့သည်။

ဂိုဗာချော့ဗ်သည် လက်ရှိ ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ လုပ်ဆောင်မှုများအပေါ် သဘောထား ကွဲလွဲသူ တစ်ဦးဖြစ်ပြီး ရုရှားနိုင်ငံရေးတွင် ပူတင်၏ အာဏာလွှမ်းမိုး ချုပ်ကိုင်မှုကို စွန့်လွှတ်ရန် တောင်းဆို ပြောကြားလေ့ရှိသည်။ ၎င်းသည် သုတေသနနှင့် ရန်ပုံငွေ အစီအစဉ်များကို ထောက်ပံ့ပေးရန် ဂိုဗာချော့ဗ် ဖောင်ဒေးရှင်းကိုလည်း ထူထောင်ထားသည်။

_Ref: Channelnewsasia

ရင်သားကြီးတဲ့ အမျိုးသမီးအများစု ကြုံတွေ့ရလေ့ရှိတဲ့ အခက်အခဲများ



သာမာန်ထက် ကြီးမားတဲ့ရင်သားကို ပိုင်ဆိုင်ထားကြတဲ့ အမျိုးသမီးတွေဟာ ရွယ်တူတွေကြားမှာသာမက လူမှုပတ်ဝန်းကျင်မှာပါ အခက်အခဲတစ်ချို့ကို ရင်ဆိုင်ကြရလေ့ရှိပါတယ်။ အဲ့ဒါတွေကတော့

၁။အင်္ကျံအ၀တ်အစားရွေးချယ်တော့မယ်ဆို ဆိုက်ဒ်ရယ်၊ လည်ပင်းဟိုက်မဟိုက် စတာတွေကို အထူးဂရုပြုရွေးချယ်ရလေ့ရှိတယ်။

အင်္ကျံတစ်ထည်ဝယ်တော့မယ်ဆို ဆိုက်ဒ်က ငါနဲ့အရမ်းကျပ်နေမလား၊ ရင်ဘတ်နေရာက အဆင်ပြေပါ့မလား ဆိုတာတွေအပြင် လည်ပင်းက အရမ်းဟိုက်နေမလားဆိုတာကိုပါ သတိထားရွေးချယ်ဝယ်ယူရပါတယ်။ မဟုတ်လို့ကတော့ နောက်ပိုင်း အ၀တ်အစား ၀တ်ခါနီးတိုင်း ကြုံတွေ့ရမယ့် အခက်အခဲတွေက ဆက်တိုက်ဆိုသလိုဖြစ်လာမှာပါ။

၂။အောက်ကို နည်းနည်းလေး ကုန်းလိုက်တာနဲ့ ရင်သားတွေဟာ ထိန်းမနိုင်၊ သိမ်းမရ ဖြစ်ကုန်ရော။

အင်္ကျံလည်ပင်းနည်းနည်းလေး ဟိုက်ပြီဆိုရင်တော့ အကုန်းအကွ ကိစ္စတွေ သတိထားနေရပြီပေါ့။ သတိလက်လွတ်တစ်ခုခုကို ကုန်းကောက်လိုက်တာတို့၊ ဘာတို့ဆိုရင် အဆင်မပြေမှုတွေ ဖြစ်ပေါ်လာပြီသာမှတ်။

၃။ဘရာစီယာဝယ်တော့မယ်ဆို အဆင်ပြေတဲ့ ဆိုက်ဒ်က ခပ်ရှားရှားရယ်။

ကိုယ်ရွေးချယ်လိုက်တဲ့ ဒီဇိုင်းလေးက မိုက်ပေမယ့် ဆိုက်ဒ်မရှိလို့ မ၀ယ်ခဲ့ရတာတွေကြောင့် စိတ်ပျက်ရတဲ့အထိပါပဲ။ အွန်လိုင်းက မှာလိုက်ရပြန်ရင်လည်း ဈေးက တော်တော်လေးကြီးသေးတာ။

၎။ခန္ဓာကိုယ်က နည်းနည်းလေး ပြည့်လာပြီဆိုရင် အားလုံးက ဖက်တီးဖြစ်လာတယ်လို့ မြင်ကြတယ်။

ရင်သားက ပုံမှန်အားဖြင့် တော်တော်လေး ကြီးနေတာကြောင့် ၀ိတ်လေးနည်းနည်းတက်လိုက်တာနဲ့ ခါးမရှိတော့သလိုဖြစ်ပြီး ၀တုတ်ကြီး၊ ဖက်တီးလို့ပဲ လူတွေက မြင်ကြတယ်။

၅။သူစိမ်းတစ်ယောက်ယောက်နဲ့ စတင်မိတ်ဆွေဖြစ်ပြီဟေ့ဆိုရင် ကိုယ့်ကိုစသတိထားမိတာ အဲ့ဒီနေရာပဲ။

ခုမှ စခင်တဲ့ လူတွေကလည်း ကိုယ့်ကို ရင်သားကြီးကြီးနဲ့ ကောင်မလေးအဖြစ်သာ မှတ်ထားတတ်ကြတယ်။ ကိုယ့်ကိုတန်းသတိပြုမိတတ်တာလည်း အဲ့ဒီနေရာနဲ့ပါပဲ။

၆။အိမ်မှာ လွတ်လွတ်လပ်လပ်နေမယ်ဆိုရင်တော့ အတွင်းခံအင်္ကျံကို ချွတ်ထားလို့ မရဘူး။

ရင်သားသေးတဲ့ မိန်းကလေးတွေဆို အိမ်မှာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနဲ့ အောက်ခံအင်္ကျံဘာမှမ၀တ်ပဲ နေလို့ရပေမယ့် ရင်သားကြီးတဲ့သူတွေကျတော့ အဲ့ဒီလိုနေဖို့တောင် အဆင်မပြေတတ်ကြဘူး။

၇။ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့အခါ အခက်အခဲတွေ့ရတတ်တယ်။

ခုန်ရတဲ့ လေ့ကျင့်ခန်း၊ အပြေးလေ့ကျင့်ခန်း စတာတွေ လုပ်တဲ့အခါ သီးသန့်ဘရာမ၀တ်ထားရင် လေ့ကျင့်ခန်းလုပ်ဖို့ အဆင်မပြေနိုင်ဘူး။

၈။ကလေးမီးဖွားပြီးလို့ နို့တိုက်တဲ့အချိန်ဆိုရင် ငါ့ရင်သားပိုကြီးလာမလားဆိုပြီး စိုးရိမ်ရပြန်တယ်။

အစကတည်းက သူများတွေနဲ့ မတူတဲ့ အချိုးအစားနဲ့မို့ ကလေးမီးဖွားပြီးချိန် မိခင်နို့တိုက်ကျွေးရချိန်ဆိုရင် ရင်သားကြီးတဲ့အမျိုးသမီးတွေဟာ ဒီလိုနို့တိုက်ရလို့ ငါတို့ရင်သားပိုများကြီးသွားလေမလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။

Ref:womenshealthmag.com

Google က Desktop အတွက် Hangouts App ကို ဖြန့်ချီ

Google Hangouts အသုံးပြုသူများ အနေဖြင့် ဘရောက်စာ ဖွင့်ရန် မလိုဘဲ Desktop မှပင် Chat နှင့် ဖုန်းပြောဆိုမှုများ ပြုလုပ်နိုင်ပြီ ဖြစ်သည်။
Google က Chrome OS နှင့် Windows အတွက် Hangouts App ကို ဖြန့်ချီပေးလိုက်ပါသည်။ ထို့အပြင် Google က Google Plus တွင် သူငယ်ချင်းများ၏ မဲဆန္ဒများကို ကောက်ယူနိုင်သော Poll စွမ်းဆောင်ချက် အသစ်ကိုလည်း ကြေညာပါသည်။
Chats နှင့် Notification များကို Desktop နှင့် Mobile App ကြားတွင် Sync ပြုလုပ်ပေးမည် ဖြစ်သည်။
Desktop App တွင် Voice နှင့် Video Call များ ပြုလုပ်နိုင်ပြီး မကြာမီက အဆင့်မြှင့်ပေးခဲ့သော Hangouts Dialer ပါရှိပါသည်။ Google Voice အသုံးပြုသူများ အနေဖြင့် App အတွင်းမှပင် Google Voice Number ကို အသုံးပြု၍ SMS Messages များဖတ်ခြင်း၊ Voicemail များ နားထောင်ခြင်း၊ အသံဖြင့် ဆက်သွယ်နိုင်ခြင်းများ ပြုလုပ်နိုင်ပါသည်။ Hangouts ကို Chrome Extension အနေဖြင့် အသုံးပြုနေသူများကို App အသစ်ကို အသုံးပြုရန် Google က အသိပေးမည် ဖြစ်သည်။
Google က Web, iOS, Android ရှိ Google Plus တွင် သူငယ်ချင်းများ၏ မဲဆန္ဒများကို ကောက်ယူနိုင်သော Polls စွမ်းဆောင်ချက်ကိုလည်း ကြေညာလိုက်ပါသည်။ Polls များကို Hangouts မှ တိုက်ရိုက် ပြုလုပ်နိုင်ပြီး Photos, GIFs, Links များ ထည့်သွင်းနိုင်ပါသည်။

Myanmar Digital Life Journal

လေးစားဂုဏ်ပြုအပ်ပါသည်

ထူးကုမ္ပဏီမှ ရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးသည် ပျောက်ဆုံးတောင်တက်သမား(၂)ဦးကို လူသားချင်းစာနာမှုဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် အားကျိုးမာန်တက် ပါဝင် ဆောင်ရွက်ခဲ့ပါသည်။ စက်တင်ဘာလ (၂၇)ရက်နေ့တွင် ၎င်းလိုက်ပါမောင်းနှင်သည့် B4 ရဟတ်ယာဉ်သည် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရင်း မတော်တဆမှု တစ်ခုကြုံခဲ့ရပါသည်။

ထို မတော်တဆမှုတွင် ၎င်းနှင့်အတူ ထိုင်းရဟတ်ယာဉ်မှူး၊ ဦးတေဇ၏ ကိုယ်ရေးလက်ထောက် ဦးရွှေရင်တော်ကြီးတို့ ပါဝင်ခဲ့ပါသည်။ ဦးရွှေရင်တော်ကြီးသည် ကံကောင်းထောက်မစွာဖြင့် ပြင်ပ ဒဏ်ရာ အနည်းငယ်သာ ရခဲ့သော်လည်း ထိုင်းရဟတ်ယာဉ်မှူးနှင့် မြန်မာရဟတ်ယာဉ်မှူး တို့မှာ ပြင်းထန်သည့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါသည်။

ဦးရွှေရင်တော်ကြီးအား အောက်တိုဘာလ(၇)ရက်နေ့တွင် လန်ဆာထုရွာတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသည့် ထူးဖောင်ဒေးရှင်း နာယက ဦးတေဇအပါအ၀င် ထူးဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေး အဖွဲ့များမှ တွေ့ရှိခဲ့ပါသည်။

ရွှေရင်တော်ကြီးထံမှ သတင်းရလျှင်ရခြင်း ထူးဖောင်ဒေးရှင်း ကယ်ဆယ်ရေး အဖွဲ့သည် ဒေသခံ ရွာသားများနှင့် ပူးပေါင်းကာ ညတွင်းချင်း တောတွင်း ၀င်ရောက် ရှာဖွေခဲ့ပြီး အောက်တိုဘာလ (၈)ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းရဟတ်ယာဉ်မှူးအား တွေ့ရှိ ကယ်ဆယ်နိုင်ခဲ့ပါသည်။

ဆေးကုသမှု ခံယူရန် လိုအပ်သည် မှန်သော်လည်း ဦးရွှေရင်တော်ကြီးသည် အင်အားနည်းနေသည့်ကြားမှ ထူးဖောင်ဒေးရှင်း ကယ်ဆယ်ရေး အဖွဲ့များကို လမ်းပြပြီး မြန်မာရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုး စောင့်ဆိုင်းနေသည့် ဂူသို့ ချက်ချင်း သွားရောက်ခဲ့ကြပါသည်။

အောက်တိုဘာလ(၉)ရက်နေ့ ညနေ ၄း၀၀ နာရီခန့်တွင် ကပ္ပတိန် ဦးအောင်မြတ်တိုး နားနေသည့် ဂူသို့ ထူးဖောင်ဒေးရှင်း ကယ်ဆယ်ရေးအဖွဲ့နှင့် ဒေသခံ
ရွာသားများ ရောက်ရှိခဲ့ပါသည်။

ဂူအတွင်း ဦးအောင်မြတ်တိုးအား မတွေ့ရဘဲ ၎င်း၏ ကျောပိုးအိတ်တစ်လုံးနှင့် အသုံးအဆောင် ပစ္စည်းအချို့ကိုသာ တွေ့ရသဖြင့် ကယ်ဆယ်ရေး အဖွဲ့သားများသည် အနားဝန်းကျင်တစ်ဝိုက် ခက်ခဲစွာ လမ်းထွင်၍ ရှာဖွေခဲ့ရာ ညနေ (၄း၂၅)မိနစ်တွင် ချောင်းတစ်ခုအနီးတွင် ဖိနပ်နှင့်ခြေအိတ်တို့အား တွေ့ရှိခဲ့ပါသည်။

ထို့နောက် ကယ်ဆယ်ရေးအဖွဲ့များသည် ဦးအောင်မြတ်တိုးအား တွေ့ရှိရေးအတွက် ပိုက်စိတ်တိုက် ရှာဖွေရာ ချောင်းနှင့် ပေ(၁၀၀)အကွာ၊ ပေ(၁၀၀၀) ခန့်အနက်ရှိသည့် ချောက်တစ်ခုထဲတွင် ကပ္ပတိန် ဦးအောင်မြတ်တိုး၏ လဲနေသည့် ကိုယ်ခန္ဓာအား တွေ့ရှိသဖြင့် ချောက်ထဲသို့ ဆင်းပြီး ကယ်ဆယ်နိုင်ရန် ကြိုးစားခဲ့ကြပါသည်။

သို့ရာတွင် ကယ်ဆယ်ရေးအဖွဲ့များ ဦးအောင်မြတ်တိုး အနားရောက်ချိန်တွင်
ကွယ်လွန်အနိစ္စ ရောက်ပြီး ဖြစ်နေသည့် ကပ္ပတိန် ဦးအောင်မြတ်တိုး၏ ရုပ်ခန္ဓာအား ၀မ်းနည်းကြေကွဲဖွယ် တွေ့ရှိခဲ့ရပါသည်။

လူသားချင်းစာနာမှုဖြင့် ပျောက်ဆုံးတောက်တက်သမားနှစ်ဦး၏ အသက်ကို ကယ်တင်နိုင်ရန် ကြိုးစားစဉ် ကြီးမားသည့် စွန့်လွှတ်မှုဖြင့် ကွယ်လွန်သွားခဲ့သည့် ဦးအောင်မြတ်တိုးအား ထူးဖောင်ဒေးရှင်းမှ လေးစားဂုဏ်ပြုအပ်ပါသည်။

ထူးကုမ္ပဏီဂုဏ်ဆောင် ဦးအောင်မြတ်တိုးအား ရည်စူးပြီး ပြုလုပ်မည့် အစီအစဉ်များကို ဖော်ပြအပ်ပါသည်။

(၁) မြန်မာရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးအား ရည်စူးပြီး ထူးဖောင်ဒေးရှင်း နာယက ဦးတေဇမှ ရွာလေးရွာတွင် စာသင်ကျောင်း (၄)ကျောင်းနှင့် ဆေးခန်း(၁)ခန်း ဆောက်လုပ်လှူဒါန်းရန် စီစဉ်လျက် ရှိသည်။

(၂) ကပ္ပတိန် ဦးအောင်မြတ်တိုး ၏ လက်ရှိခံစားလျက်ရှိသော လစာငွေအား ကျန်ရစ်သူ ကပ္ပတိန် ဦးအောင်မြတ်တိုး၏ ဇနီး တသက်တာအတွက် ဆက်လက် ပေးအပ် ခံစားခွင့် ပြုပါမည်။

(၃) ကပ္ပတိန်အောင်မြတ်တိုး၏ သားငယ် အတွက် ပြည်တွင်း၊ ပြည်ပတို့တွင် ပညာရေး ဆုံးခန်းတိုင်သည်အထိ တာဝန်ယူထောက်ပံ့ပေးသွားပါမည်။

(၄) ကပ္ပတိန်အောင်မြတ်တိုး၏ ဇနီးနှင့်သားအတွက် ကျန်းမာရေး ကိစ္စအ၀၀ကို တာဝန်ယူ ဆောင်ရွက်ပေးပါမည်။

(၅) ကပ္ပတိန် ဦးအောင်မြတ်တိုး၏ ကျန်ရစ်သော မိသားစုဝင်များဖြစ်သည့် ဇနီးနှင့် သား မှ လိုအပ်သော ကိစ္စအဝဝကို ထူးဖောင်ဒေးရှင်းသို့ အချိန်မရွေး အကြောင်းကြားနိုင်ပြီး ထူးဖောင်ဒေးရှင်းမှ အမြဲ အကူအညီ ပေးသွားမည် ဖြစ်သည်။

မှတ်ချက် (ရဟတ်ယာဉ်မတော်တဆဖြစ်စဉ်နှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ရန် အသေးစိတ် အချက်အလက်များ လိုအပ်ပါသည်။ ၎င်း အသေးစိတ် အချက်အလက်များကို ပြောနိုင်သူမှာ လက်ရှိဆေးကုသမှု ခံယူနေရသည့် ထိုင်းရဟတ်ယာဉ်မှူးနှင့် တောနက်အတွင်းတွင် ကယ်ဆယ်ရေးအဖွဲ့နှင့် အတူရှိနေသော ဦးရွှေရင်တော်ကြီးတို့ ဖြစ်ပါသည်။ ထို့ကြောင့် မတော်တဆမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ် မဖော်ပြနိုင်သေးသည်ကို နားလည်ပေးပါရန်နှင့် မကြာမီ အချိန်တွင် ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး ထူးဖောင်ဒေးရှင်း မှ အသေးစိတ် ဖြစ်ရပ်များကို သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Htoo Foundation