Pages

15.6.13

လစာငွေ အဓမ္မအလှူခံခြင်းကြောင့် ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူးများ ထွက်စာတင်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဧပြီလမှစတင်၍ ကျေးရွာအုပ်စု စည်းရုံးရေးမှူးများသို့ ထောက်ပံ့သော လစာငွေအား ၎င်းတို့ ဆန္ဒမပါဘဲ အရာတော်မြို့နယ်ပါတီရုံးမှ အလှူခံ လိုက်သောကြောင့် ကျေးရွာအုပ်စု စည်းရုံးရေးမှူး အပါအဝင် (၅)ဦး ထွက်စာ တင်ထားကြောင်း သိရသည်။

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးအတွက် အုပ်စုစည်းရုံးရေးမှူး (၄၁)ဦးသို့ တစ်လလျှင် ငါးသောင်း ကျပ်စီ ထောက်ပံ့သော ဧပြီလနှင့်မေလအတွက် လစာငွေ(၄၁)သိန်းအား ရွှေဘိုမြို့နယ် နာရေးကူညီရေးယာဉ်အတွက် အလှူငွေ အဖြစ် အားလုံး၏သဘောတူညီချက်မယူဘဲ အရာတော်မြို့နယ်တွင် လက်မှတ်ထိုး ကောက်ခံလိုက်သောကြောင့် သဘော မတူသော အုပ်စုစည်းရုံးရေးမှူး အပါအဝင်(၅)ဦး ထွက်စာတင်ထားကြောင်း ကျွန်းတောကျေးရွာအုပ်စု စည်းရုံးရေးမှူး ဦးမြင့်ငွေ က ပြောကြားသည်။

အဆိုပါ ထွက်စာတင်ထားသူ ငါးဦးသည် ပြည်ခိုင်းဖြိုးအသင်းစတင် တည်ထောင်စဉ်ကတည်းက စည်းရုံးရေးမှူးနှင့် အဖွဲ့ဝင်များ လည်း ဖြစ်ကြောင်းသိရသည်။ “ကျွန်တော်တို့ကျေးရွာ အုပ်စုတွေအတွက် လေးလပိုင်းကတည်းက ထောက်ပံ့ကြေးပေးတယ် ဆိုတာကို ဒီလရှစ်ရက်နေ့က အရာတော်မှာ အုပ်စုစည်းရုံးရေးမှူးတွေ (၄၁)ဦးလုံး အစည်းဝေးခေါ်မှ သိရတာပါ။ အစည်းဝေး မှာ ပြောလည်းပြော လက်မှတ်ထိုးပြီး အလှူလည်းခံဆိုတော့ ၃၁ဦးကတော့ သဘောတူတယ်။ ကျန်တဲ့သူတွေကတော့ ဒီအတိုင်း ထိုးလိုက်ရတယ်။ ကျွန်တော့်မှာ ခရီးစားရိတ်ဆန်တစ်ခွဲဖိုး ကုန်တာဘဲအဖတ်တင်ပါတယ်”ဟု ယင်းက ဆက်လက်ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အရာတော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသို့ ဆက်သွယ်မေးမြန်းရာ “အဲ့ဒါ မဟုတ်သေးပါဘူး”ဟု အထွေထွေ အတွင်းရေးမှူး ဦးညွန့်ဝင်းက ဖြေကြားသည်။ မြို့နယ်မှ CEO များအား မူလလစာ ခြောက်သောင်းကျပ်မှယခုလမှစတင်၍ တစ်သိန်း ကျပ်သို့ တိုးမြင့်ပေးလိုက်ပြီး အလှူခံခြင်းမရှိသော်လည်း အုပ်စုမှူးတစ်ဦးစီ စတင်၍ရရှိသော ထောက်ပံ့ငွေနှစ်လစာအား အလှူခံ လိုက်သောကြောင့် အရာတော်မြို့နယ်မှ အုပ်စုစည်းရုံးရေးမှူးများထွက်ရန် ပြင်ဆင်လျက်ရှိကြာင်း ထွက်ရန်ပြင်ဆင်လျက် ရှိသော စည်းရုံးရေးမှူး တစ်ဦးက ပြောကြားသည်။

The Myanma Age

No comments:

Post a Comment