Pages

29.6.13

မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုနှင့် အရေးယူခံရသည့် သရုပ်ဆောင်ဘုန်းလျှံ

ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် ဟိန်းထူးလင်း(ခ) ဘုန်းလျှံအား မူးယစ်ဆေးဝါးများလက်ဝယ်ထားရှိ သုံးစွဲမှု ဖြင့် ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ ဇွန် ၂၈ ရက်နေ့က မူးယစ်အထူးအဖွဲ့မှ မူးယစ်ဆေးဝါးသတင်းအရ ယင်း ရုပ်ရှင် သရုပ်ဆောင် ခေတ္တနေထိုင်ရာ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ သာယာဝတီလမ်း ၌ရှိသော Inn တစ်ခုအတွင်းသို့ ၀င်ရောက်ရှာဖွေရာမှ ၎င်း၏ အဖော်ဖြစ်သူ ဦးမောင်ထွန်းလှဆိုသူနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

၎င်းတို့နေသော အခန်းအတွင်းရှိ ကုတင်ခေါင်းရင်း ကြမ်းပြင်ပေါ်တွင် ချထားသော ခရီးဆောင် လက်ဆွဲ အိတ်အတွင်းတွင် Red Ruby စီးကရက်ဗူး ခွံတစ်ခုတွေ့ရပြီး ထိုစီးကရက်ဗူးခွံထဲ၌ WY စာတမ်းပါရှိသော လိမ္မော်ရောင် စိတ်ကြွဆေးပြား (၄၇)ပြား၊အစိမ်း ရောင် (၂)ပြား၊စုစုပေါင်း (၄၉)ပြား နှင့်အတူ ဦးမောင်ထွန်းလှ အိပ်သော ကုတင်ခေါင်းရင်းမှ ဂျာနယ်ခေါက်ထဲ၌ တိပ်အကြည်ဖြင့်ကပ်လျက် အဖြူရောင် တစ်ရှုးစက္ကူအတွင်း ပလတ်စတစ်အိတ်အကြည်ဖြင့် ထုတ်လျက်ထားရှိသော လိမ္မော်ရောင် စိတ်ကြွဆေးပြား (၉၉)ပြားအား တွေ့ရှိကာ ဖမ်းဆီးရမိခြင်းဖြစ်သည်။ အဆိုပါအခန်းအတွင်းတွင် စိတ်ကြွဆေးပြားများနှင့်အတူ စိတ်ကြွဆေးပြားသုံးစွဲရာတွင်အသုံးပြု ရသော ရေသန့် ဘူးဘေးဘက်တွင် ပိုက်တပ်လျက်နှင့်(၆)လက်မခန့်ရှိ ခဲပြား (၂)ပြား၊မီးခြစ် (၁)လုံးတို့ကို သိမ်းဆည်းရမိပြီး စုစုပေါင်း စိတ်ကြွဆေးပြား ကျပ်(၇)သိန်းလေးသောင်းဖိုးခန့် ဖမ်းဆီးရမိခြင်းဖြစ်သည်။

ဗဟန်းမြို့နယ်ရဲစခန်းမှ သရုပ်ဆောင် ဘုန်းလျှံနှင့်အဖော်ဖြစ်သူ ဦးမောင်ထွန်းလှတို့အား မူးယစ်ဆေးဝါးနှင့် စိတ် ကိုပြောင်းလဲစေသောပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အမူဖွင့်အရေးယူထားကြောင်း သိရသည်။ “ဆေး အပြား (၃၀)နဲ့အထက်ဆို ၁၉(က) ဆို ထောင်ဒဏ်က ၁၀ နှစ်ကနေ နှစ်အကန့်အသတ်မရှိ ကျခံရနိုင် တယ်။ အပြား၃၀ အောက်ဆိုရင်တော့ ၁၆ (ဂ) ဆို ၅ နှစ် ကနေ ၁၀ နှစ်အထိ အရေးယူနိုင်တယ်” ဟု မှုးယစ်အထူးအဖွဲ့မှ ဒု-ရဲမှူး ဦးခင်မောင်သိန်းကပြောသည်။

myitmakhamediagroup
http://myitmakhamediagroup.com/detail.php?newid=5005

No comments:

Post a Comment