Pages

25.6.13

မြစ်ဆုံစီမံကိန်း EIA အစီရင်ခံစာကို အပြစ်အနာအဆာ များသည်ဟု နိုင်ငံတကာ ပညာရှင်များ ဝေဖန်

နိုင်ငံတကာ မြစ်ချောင်းများနေ့ အခမ်းအနားကို ဧရာဝတီမြစ်ဆုံ၌ ၂၀၁၃ ခုနှစ် မတ် ၁၄ ရက်က ကျင်းပနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)

မြစ်ဆုံစီမံကိန်းအတွက် တင်ပြသော EIA အစီရင်ခံစာကို အပြစ်အနာအဆာများပြီး၊ တောင့်တင်းခိုင်မာမှု မရှိသော အစီရင်ခံစာ ဖြစ်သည်ဟု နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်ရှစ်ဦး က ဝေဖန်ပြောဆိုခဲ့ကြောင်း၊ အစီရင်ခံစာ ရေးသားခဲ့သော BANCA အဖွဲ့တွင် ဦးဆောင် ဆောင်ရွက်ခဲ့သူ ပါမောက္ခဦးညိုမောင်က ဆိုသည်။ ''မြစ်ဆုံစီမံကိန်း စတင်တဲ့ အချိန်မှာ တရုတ်ပညာရှင်တွေနဲ့ ကျွန်တော် တို့ မြန်မာပညာရှင် အဖွဲ့တွေက ပတ်ဝန်းကျင် ထိခိုက်နိုင်တဲ့ အခြေအနေတွေကို လေ့လာပြီးတော့ EIA အစီရင်ခံစာကို ၂၀၁၀ မေလအတွင်းမှာ စီမံကိန်း လုပ်ဆောင်နေတဲ့ ကုမ္ပဏီကို သီးခြား report တစ်စောင် စီ တင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာက ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး အခုဝေဖန်ထားတဲ့ အချက်တွေကို ကြည့်ရတာ ကျွန်တော်တို့အစီရင်ခံစာထဲက အကြောင်းအရာတွေ မဟုတ်ဘူး။ ပြီးတော့စီမံကိန်းလုပ်ဆောင် တဲ့ကုမ္ပဏီက ကျွန်တော်တို့အစီရင်ခံစာကို နိုင်ငံတကာကိုချမပြဘူးလို့ ယူဆလို့ရပါတယ်'' ဟု ဦးညိုမောင် က ဆိုသည်။

ယင်း မြစ်ဆုံ အစီရင်ခံစာတွင် ပတ်ဝန်းကျင်ဆိုင်ရာ ဂေဟစနစ် ၀န်ဆောင်မှု သဟဇာတဖြစ်အောင် ထည့် သွင်းထားမှု မရှိခြင်း၊ ရေအရင်းအမြစ် အပြောင်းအလဲ ဖြစ်ခြင်းကို တွက်ဆရာတွင် လျော့ပေါ့တွက် ထားခြင်း၊ မြစ်များကို ပိတ်ဆို့ရာတွင် မြစ်ကြောင်း တစ်လျှောက်တွင် အနည်ပို့ချမှုများ လျော့နည်း သွားနိုင်ပြီး မြစ်အောက်ပိုင်းရှိ မြေနုကျွန်း စိုက်ပျိုးရေး၊ ငါးလုပ်ငန်း ပျက်စီးသွားနိုင်သည်ဟု နိုင်ငံတကာ ပညာရှင်များက ထောက်ပြခဲ့ကြောင်း၊ ဆက်လက် လုပ်ဆောင်ရန် မသင့်ကြောင်း ဝေဖန်ထောက်ပြ ခဲ့ကြောင်း သိရသည်။ မြစ်ဆုံဆည်မှာ ဧရာဝတီမြစ်ဖျားပိုင်းတွင် တည်ဆောက်မည့် ဆည်ကြီး ခုနစ်ခု ဆင့်သော ရေအားလျှပ်စစ် လုပ်ငန်းကြီး၏ ပထမဦးဆုံး အစိတ်အပိုင်းဖြစ်ပြီး ကျန်ဆည် ခြောက်ခု မှာ မေခမြစ်တွင် ငါးခု၊ မလိခမြစ်တွင် တစ်ခု တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

EMG

No comments:

Post a Comment