Pages

25.6.13

MIIT တက္ကသိုလ် ပထမနှစ်ကျောင်းသားများကို စက်တင်ဘာလတွင် စတင် ခေါ်ယူမည်

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်း၍ မန္တလေးမြို့တော်တွင် ဖွင့်လှစ်မည့် Myanmar Institute of Information Technology (MIIT) တက္ကသိုလ် အတွက် ပထမနှစ် ကျောင်းသားများကို လာမည့် စက်တင်ဘာတွင် စတင်ခေါ်ယူမည်ဖြစ်ကြောင်း မန္တလေးမြို့တော်ရှိ အိန္ဒိယကောင်စစ်ဝန်ရုံးထံမှ စုံစမ်း သိရှိရသည်။

ယင်း ပထမနှစ် တက်ရောက်နိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူ ၂၅ ဦး စတင် လက်ခံသွားမည်ဖြစ်ပြီး ပထမနှစ်အတွက် ခြောက်လကို အိန္ဒိယနိုင်ငံ ဘန်ဂလောမြို့ရှိ တက္ကသိုလ် တစ်ခုတွင် တက်ရောက်ရ မည်ဖြစ်ပြီး ကျန်ခြောက်လကို မန္တလေးမြို့တော် MIIT တွင် ဆက်လက် သင်ကြားရမည်ဖြစ်ကြောင်း အဆိုပါ ရုံးထံမှ ထပ်မံ သိရသည်။

MIIT တက္ကသိုလ်ကို မန္တလေးမြို့တော် ၇၃လမ်းပေါ်ရှိ မင်္ဂလာမန္တလေး မြို့တော် စီမံကိန်းအနီး တည်ဆောက်ရန် စီစဉ်လျက်ရှိပြီး သင်ကြားရေး အတွက် အိန္ဒိယနိုင်ငံမှ ဆရာ၊ ဆရာမများ လာမည့် ဒီဇင်ဘာလ တွင် ရောက်ရှိမည်ဖြစ်ကြောင်း မန္တလေးမြို့တော် အခြေစိုက် အိန္ဒိယ ကောင်စစ်ဝန်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါက်တာ မဒန်မိုဟန် ဆေတီ က ပြောကြားသည်။

သင်ကြားရေးပိုင်းနှင့် ပတ်သက်၍ ပထမနှစ်တွင် အိန္ဒိယနိုင်ငံမှ ဆရာများက ရာနှုန်းပြည့် လာရောက် သင်ကြားပေးမည်ဖြစ်ပြီး ဒုတိယနှစ်တွင် မြန်မာ ဘက်မှ ဆရာ အရေအတွက် ၂၀ ရာခိုင်နှုန်း၊ တတိယနှစ်တွင် ၄၀ ရာခိုင်နှုန်း ပါဝင် သင်ကြားပေးမည်ဖြစ်ကြောင်း ပဉ္စမနှစ်တွင် အိန္ဒိယမှ ဆရာ၊ ဆရာမ များ လာရောက် သင်ကြားပေးမည်မဟုတ်ဘဲ မြန်မာ ဆရာ၊ ဆရာမများသာ သင်ကြားမည်ဖြစ်ကြောင်း အိန္ဒိယ ကောင်စစ်ဝန်ရုံးထံမှ သိရသည်။

အဆိုပါ တက္ကသိုလ်တွင် အိုင်တီ နည်းပညာပိုင်းဆိုင်ရာ ဘာသာရပ်များ သင်ကြားနိုင်ပြီး ငါးနှစ် သင်တန်းပြီးပါက ဘွဲ့ရရှိမည်ဖြစ်ပြီး သင်တန်းသား ငါးထောင်ခန့် လက်ခံ သင်ကြားပေးနိုင်မည့် တက္ကသိုလ်ဖြစ်ကြောင်း အိန္ဒိယ ကောင်စစ်ဝန်ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

Ref: MMExpress

No comments:

Post a Comment