Pages

27.6.13

ဗိုလ်ချုပ်ဈေး လဟာပြင်မြေကွက်တွင် ၃၄ ထပ်နှင့် ၃၂ ထပ်ရှိသော Twin Tower ပုံစံ အထပ်မြင့် အဆောက်အအုံ နှစ်လုံးကို လေးနှစ်အတွင်း အပြီးတည်ဆောက်မည်

Twin Tower တည်ဆောက်မည့် ဗိုလ်ချုပ်ဈေး လဟာပြင် မြေကွက်အား ဇွန်လဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)

ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရား လမ်းထောင့်ရှိ ဗိုလ်ချုပ်ဈေး လဟာပြင် မြေကွက် တွင် ၃၄ ထပ်နှင့် ၃၂ ထပ်ရှိသော Twin Tower (အမြွှာပုံစံ) အထပ်မြင့် အဆောက်အအုံ နှစ်လုံးအထိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ရွှေတောင်ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း၍ လေးနှစ် အတွင်း အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေး များဌာနမှ သိရသည်။  

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကျယ်အ၀န်း ခြောက်ဧကကျော်ရှိသော ဗိုလ်ချုပ်ဈေး လဟာပြင်မြေကွက်အား လုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်း ဆောက်လုပ်ရန်အတွက် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မတ်လအတွင်းက နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် ခေါ်ယူခဲ့ရာ ရွှေတောင်ကုမ္ပဏီမှ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့သို့ အကျိုးတူ ပူးပေါင်းဆောက်လုပ်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ရွှေတောင်ကုမ္ပဏီတို့ မေ ၁၁ ရက်က သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြကြောင်း သိရသည်။  
  
"အခု ဗိုလ်ချုပ်ဈေးသစ် လဟာပြင် နေရာမှာ ၃၄ ထပ်နဲ့ ၃၂ ထပ် အမြင့်ရှိတဲ့ အဆောက်အအုံနှစ်လုံးကို Twin Tower လို ပုံစံမျိုး ဆောက်မှာပါ။ အဆောက်အအုံ နှစ်လုံးကို စာချုပ်ချုပ်ခဲ့တဲ့ မေ ၁၁ ရက်နေ့က စပြီး လေးနှစ်အတွင်း အပြီးဆောက်မယ်လို့ မှန်းထားတယ်။ ဖျက်သိမ်းမယ့် ဗိုလ်ချုပ်ဈေးသစ်က ဆိုင်ခန်း ၄၃၇ ခန်း ပိုင်ရှင်တွေကိုလည်း အဆောက်အအုံတွေ ဆောက်ပြီးရင် အဲဒီမှာ မူလနေရာအတိုင်း ပြန်ပေး ဖို့လည်း ညှိနှိုင်းထားပါတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနမှ တာဝန်ရှိ သူ တစ်ဦးက ပြောပြသည်။ Twin Tower အဆောက်အအုံကို အကျိုးတူ ပူးပေါင်းဆောက်လုပ်ရာတွင် ရာခိုင်နှုန်း ခွဲဝေမှုကိုမူ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အစီအစဉ်ဖြင့်သာ ပြုလုပ် ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခု ဆောက်လုပ်မည့် ၃၄ ထပ် နှင့် ၃၂ ထပ် Twin Tower အဆောက်အအုံ နှစ်လုံးမှာ ရန်ကုန်မြို့ရှိ အထပ်မြင့် အဆောက်အအုံကြီးများတွင် ပါဝင်လာမည်ဖြစ်ပြီး ရွှေတိဂုံ စေတီတော်၏အမြင့်ပေ ထက် ကျော်လွန်ခြင်း မရှိစေရန် စိစစ်ဆောက်လုပ် စေမည်ဟုလည်း သိရသည်။

EMG

No comments:

Post a Comment