Pages

10.7.13

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့


ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ဇူလိုင်လ ၇ ရက်နဲ့ ၈ ရက်နေ့တွေက ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင် ပြီး နိုင်ငံပေါင်း ၁၈ နိုင်ငံက သံအမတ်ကြီးတွေ ရခိုင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ပြည်လမ်း နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ရခိုင်ပြည်နယ်အစိုးရက သတင်းစာရှင်းလင်းပွဲကျင်းပစဉ်မှာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်က ပြောခဲ့တာပါ။

ရခိုင်ပြည်နယ်ထဲမှာ လူမျိုးစုနှစ်ခုကို အတူတကွပြန်မထားသေးတာဟာ ပဋိပက္ခတွေ ထပ်မံဖြစ် ပွားနိုင်တာတွေကြောင့်ဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ်ဦးလှသိန်း ကအဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒါ့အပြင် မွတ်စလင်အများစုနေထိုင်တဲ့နေရာတွေ ကို လုံခြုံအောင်စီမံထားပြီး ရခိုင်လူမျိုးတွေကိုလည်း မွတ်စလင်တွေနေထိုင်တဲ့နေရာတွေကို သွားလာခွင့်မပြုထားဘူးလို့ ပြောပါတယ်။ လက်ရှိရခိုင်ပြည်နယ်ထဲမှာရဲအင်အား၆ထောင်ကျော် အပြင် လုံလောက်တဲ့ စစ်တပ်အင်အားနဲ့ လုံခြုံရေးယူနေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ၂ဝ၁၂ ဇူလှိုင်လကနေ ၂ဝ၁၃ ဇူလိုင်လအထိ အမေရိကန်ဒေါ်လာသန်း ၈ဝ ကျော်ကုန်ကျမှာဖြစ်ပြီး လတ်တလောအနေနဲ့ အလှူငွေ ၆၆ သန်းကျော်ကို လက်ခံရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese

No comments:

Post a Comment