တရုတ်နိုင်ငံတွင် အလုပ်ခန့်အပ်မှုနှင့် ပတ်သက်၍ လာမည့် လများအတွင်း
ကြီးမားသော ဖိအားပေးမှုများ ဖြစ်ပေါ်လာရန်ရှိရာ အဆိုပါကိစ္စက လူမှု
မတည်မငြိမ်မှုများကို ဖြစ်ထွန်းစေနိုင်သည်ဟု တရုတ် အလုပ်သမား ဝန်ကြီး ဌာနက
သတိပေးလိုက်ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
အလုပ်သမား ဝန်ကြီးဌာန၏ သတိပေးချက်ကြောင့် လူမှု မတည်မငြိမ်မှု များ
ဖြစ်ထွန်းမှုမရှိဘဲ ပို့ကုန် အမှီသဟဲ ပြုရသော စီးပွားရေးပုံစံ ကို
ပြောင်းလဲရန် တရုတ် အစိုးရက ကြိုးပမ်းရာ၌ ကြီးမားသော စိန်ခေါ်မှုကြီး တစ်ရပ်
ရှိနေသည် ဟူသောအချက်ကို ဖော်ကျူးပြလိုက်ရာ ရောက်သွား သည်။
တရုတ်
ခေါင်းဆောင်များသည် တိုင်းပြည် စီးပွားရေးကို ပြည်တွင်း စားသုံးမှု၊
ကုန်ထုတ်လုပ်မှုနှင့် ပို့ကုန် တင်ပို့မှုတို့အပေါ် အလေးပေးသည့် ဝယ်လိုအား
တို့က အဓိက ဦးဆောင်သော ပုံစံမျိုး ဖြစ်အောင် စီစဉ် ဆောင်ရွက်လျက်ရှိရာ
သမားရိုးကျ စီးပွားရေး လုပ်ငန်းများ ပြန်လည် ဖွဲ့စည်း တည်ဆောက်ရန်
လိုအပ်ကြောင်း၊ သို့အတွက်ကြောင့် အလုပ်အကိုင် ဆုံးရှုံးရမည့် အလားအလာများ
ရှိနေကြောင်း အလုပ်အကိုင်နှင့် စီးပွားရေး ကျွမ်းကျင်သူ တို့က ဆိုသည်။
ထို့ပြင် တရုတ် အစိုးရသည် အချို့သော လုပ်ငန်းကြီးများတွင် ကုန်ပစ္စည်း များ
လိုအပ်သည်ထက် အဆမတန် ထုတ်လုပ်နိုင်မှုများကို လျှော့ချရန်
ကြိုးပမ်းလျက်ရှိပြီး ယင်းလုပ်ငန်းများမှ လုပ်သားများကို ဝန်ဆောင်မှု
လုပ်ငန်းများ အနေနှင့် ခေါ်ယူနိုင်မည့် နည်းလမ်း ရှာဖွေလျက်ရှိရာ ယင်းသို့
အလုပ် သဘာဝ အပြောင်းအလဲ ပြုလုပ်မှုက ထိခိုက်နစ်နာမှုများ ကို
ဖြစ်ထွန်းစေနိုင်သည်ဟု အလုပ်သမား ဝန်ကြီးဌာနက သတိပေးသည်။
“ပြီးခဲ့တဲ့ လတွေထဲမှာ တရုတ်နိုင်ငံဟာ အလုပ်ခန့်အပ်မှုနဲ့ ပတ်သက်ပြီး
ကြီးမားတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အလုပ် ခန့်အပ်မှုနဲ့ ပတ်သက်တဲ့
ဖိအားတွေ အင်မတန် ကြီးမားလာမှာ ဖြစ်ပါတယ်။ ဝန်ဆောင်မှုလုပ်ငန်း ဆိုတာကျတော့
အလုပ်သမား ခေါ်ယူမှုမှာ အင်မတန် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်” ဟု လူသား
အရင်းအမြစ်နှင့် လူမှု တည်ငြိမ်မှုဆိုင်ရာ ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်
Yin Chengji က ဆိုသည်။
တရုတ် လူမျိုးများအတွက် အလုပ်အကိုင်
ကမောက်ကမ မဖြစ်စေရန် လုပ်ဆောင်ပေးနိုင်ခြင်း မရှိခဲ့ပါက လူမှု
မတည်မငြိမ်မှုများနှင့် စီးပွားရေး သာယာဝပြောမှုများအပေါ်
ခြိမ်းခြောက်လာမှုများ ဖြစ်ပေါ်လာနိုင်သည်။
“တကယ်လို့ အလုပ်အကိုင်
ဈေးကွက်ဟာ မကောင်းတဲ့ လားရာထဲကို သိသိသာသာကြီး ရောက်သွားမယ်ဆိုလို့ရှိရင်
အလုပ် ခန့်အပ်မှုနဲ့ ပတ်သက်တဲ့ ပြဿနာတွေအတွက် ထိရောက်တဲ့ ဖြေရှင်း
ဆောင်ရွက်မှုတွေ ကို ကျွန်တော်တို့ လုပ်ပေးရမယ့် သဘော ရှိပါတယ်” ဟု Yin
Chengji က သုံးသပ် ပြောကြားသည်။
တရုတ် အစိုးရသည် ပြီးခဲ့သည့်
ရက်သတ္တတစ်ပတ်အတွင်း အသေးစား စီးပွားရေး လုပ်ငန်းများ အတွက် အခွန်
လျှော့ချပေးမည့် အစီအစဉ်ကို ထုတ်ပြန်ခဲ့ရာ ယင်းအစီအစဉ်က သန်းနှင့်ချီသော
အလုပ်သမားများကို အလုပ်အကိုင် ရရှိစေခဲ့သလို ပို့ကုန်
လုပ်ငန်းရှင်များကိုလည်း အကူအညီပေး ရာ ရောက်ခဲ့သည်ဟု နိုင်ငံပိုင်
အသံလွှင့်ဌာနက ဆိုသည်။
The Voice Weekly
No comments:
Post a Comment