ယခင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက်က ကနေဒါနိုင်ငံ အခြေစိုက်
အိုင်ဗင်ဟိုး ကုမ္ပဏီနှင့် ကြေးနီ ထုတ်လုပ်ရေးလုပ်ငန်းများ အကျိုးတူ
လုပ်ကိုင်ခဲ့သော စံပယ်တောင်ကြေးနီ စီမံကိန်းနယ်မြေမှ လယ်ယာမြေဧကပေါင်း
၂၀၀ကျော်ကို ပြန်လည်ပေးအပ်မည်ဟု အမှတ်(၁) သတ္တုတွင်းလုပ်ငန်းမှ အကြောင်းကြား
ထားကြောင်း ဒုန်းတောကျေးရွာအုပ်စု ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် ဒုန်းတောကျေးရွာအုပ်စု စံပယ်တောင်
ကြေးစင်တောင်လုပ်ကွက် စီမံကိန်းဧရိယာမှ မြေများကို နိုင်ငံတော်သို့ ပြန်လည်
ပေးအပ်သွားမည်ဟု အမှတ်(၁) သတ္တုတွင်း လုပ်ငန်းက အကြောင်းကြားလာသဖြင့်
ဒုန်းတောကျေးရွာအုပ်စု တောင်သူပေါင်း ၁၈၁ ဦးကို ဧရိယာ၂၁၇.၄၉ ဧက ပြန်လည်
ပေးအပ်မည်ဟု ပြောကြားထားကြောင်း ၎င်းကဆိုသည်။
“လယ်ယာမြေတွေ
ပြန်ပေးမှာက သေချာပါတယ်။ ပေးဖို့ကိုနိုင်ငံတော် သမ္မတကလည်း ညွှန်ကြားထားတယ်။
ဘယ်အချိန်ပေးမယ်တော့ အတိအကျ မသိဘူး။ အခုပြန်ပေးမယ့် မြေတွေက
စံပယ်တောင်စီမံကိန်း မြောက်ဘက်က ရွာသာနဲ့ ဒုန်းတော၊ ဂုဏ်တော အဲဒီရွာ
သုံးရွာကပိုင်တဲ့ မြေတွေကို ပြန်ပေးမှာပါ” ဟု မြန်မာယန်စီကုမ္ပဏီမှ
အရာရှိတစ်ဦးက ဆိုသည်။
အမှတ် (၁) သတ္တုတွင်းလုပ်ငန်း အမည်ဖြင့်
သိမ်းယူခဲ့သည့် ၅၃၅၈.၄၁ ဧကမှ ကွင်းအမှတ် (၇၆၉)၊ ဧရိယာ ၉၄.၁၄ ဧက၊ ကွင်းအမှတ်
၇၆၉က၊ ဧရိယာ ၉၇.၆၂ ဧက၊ ကွင်းအမှတ်(၇၆၉ခ)၊ ဧရိယာ ၂၅.၇၃ ဧက စုစုပေါင်း
၂၁၇.၄၉ ဧကကို အမှတ် (၁) သတ္တုတွင်းလုပ်ငန်းက သတ္တုတွင်းဧရိယာ အပြင်မှ
စွန့်လွှတ်မည် ဖြစ်သည်ဟု ပါရှိသည့် အကြောင်းကြားစာ တစ်စောင်ကို
ပေးပို့ခဲ့ကြောင်း ဒုန်းတောရွာသာ၊ ဂုဏ်တောရွာခံများက ပြောကြားသည်။
The Voice Weekly
No comments:
Post a Comment