ပြည်သူများကို ကူညီမှုများ ထိရောက်စွာ ပေးနိုင်ရန် အင်အား မရှိသေးသည့်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ပြည်သူများ အနေဖြင့်
အင်အားပွားပေးကြရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည် က မေတ္တာရပ်ခံခဲ့သည်။
ဇူလိုင် ၁၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊
အနောက်ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌
ကျင်းပခဲ့သည့် (၆၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အပြီးတွင်
အဖွဲ့ချုပ်ရုံး အပြင်တွင်ရှိသည့် ပြည်သူတစ်ထောင်ကျော်အား
ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ မော်တော်ယာဉ်ပေါ်မှ မိန့်ခွန်းပြောကြားစဉ်
ယခုကဲ့သို့ မေတ္တာရပ်ခံခဲ့ခြင်း ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် ပါတီအနေဖြင့် ပြည်သူများ၏ ဘ၀တိုးတက် မြင့်မားအောင်
တတ်နိုင်သလောက် ဆောင်ရွက်နေကြောင်း၊ ပြည်သူများအား ထိရောက်သည့် ကူညီမှုများ
လုပ်ပေးရန် ပါတီအနေဖြင့် သြဇာအာဏာ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က
ပြောကြားသည်။
''ကျွန်မတို့လည်း တတ်နိုင်သလောက်တော့ ပြည်သူတွေရဲ့
ဘ၀တိုးတက်အောင်လို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ကျွန်မ ခဏခဏ ပြောတယ်။
ကျွန်မတို့ အဖွဲ့ချုပ်က အဓိက ကျွန်မတို့ရဲ့ အင်အားက စိတ်ဓာတ်နဲ့
ကြိုးစားမှုပဲ။ အခုဆိုလို့ရှိရင် ကျွန်မတို့ အဖွဲ့ချုပ်က ပြည်သူတွေ ဘက်ကနေ
တတ်နိုင်သမျှ လုပ်ပေးပေမယ့် လုပ်ပေးနိုင်တဲ့ အခွင့်အလမ်းဟာ
အားလုံးသိတဲ့အတိုင်း လုပ်ပေးနိုင်တဲ့ သြဇာအာဏာကတော့ ရှိတာမဟုတ်ဘူး။
ကျွန်မတို့မှာ စိတ်ဓာတ်ရှိတယ်။ တတ်နိုင်သမျှ ကျွန်မတို့ လုပ်ပေးတယ်'' ဟု
ပြောကြားသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပါတီအနေဖြင့်
ပညာရေးကွန်ရက်၊ ကျန်းမာရေးကွန် ရက်နှင့် ဥပရေးရာ ကွန်ရက်များမှ တစ်ဆင့်
ပြည်သူများအား တတ်နိုင်သလောက် အကူအညီ ပေးမှုများသာ လုပ်ဆောင်နိုင်သေးပြီး
ပြည်သူများအား ထိရောက်သည့် အကူအညီများပေးရန် အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် ပါတီအနေဖြင့် အင်အားမွေးရဦးမည် ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က
ဆိုသည်။
''ပညာရေးကွန်ရက်၊ ကျန်းမာရေးကွန်ရက်၊ ဥပဒေရေးရာ
ကွန်ရက်စသဖြင့် ပြည်သူတွေကို ကူညီတယ်။ ထိရောက်ဖို့ ဆိုတာက ကျွန်မတို့
အင်အားဟာ အဲဒီလောက်ထိ မများသေးဘူး။ ပြည်သူ့အတွက် အင်အားတွေ ကျွန်မတို့
ဆက်ပြီးတော့ မွေးရမယ်။ ပြည်သူတွေကလည်း ကျွန်မတို့နဲ့ အတူတူ အင်အားတွေ
ပွားကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က
ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ (၆၆) နှစ်မြောက်
အာဇာနည်နေ့ အခမ်းအနားအပြီး ပြန်လည် ထွက်ခွာလာသည့်
ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အဖွဲ့ချုပ်ရုံး ပြင်ပတွင် စောင့်ဆိုင်းနေသည့်
ပြည်သူများက ''အမေစု ကျန်းမာပါစေ''၊ ''အမေစု သမ္မတဖြစ်ပါစေ'' ဟု
ဆုတောင်းပေးမှုများ ပြုလုပ်ခဲ့ကြသည်။
ပြည်သူများအနေဖြင့် အာဇာနည်
ခေါင်းဆောင်များအား ကျေးဇူးဆပ်ချင်သည် ဆိုပါက ပြည်သူများ အနေဖြင့်
မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်အောင်၊ နိုင်ငံအတွင်း၌
ပြည်ထောင်စုသား အားလုံးအတွက် ခိုလုံရာ၊ လွတ်လပ်ရာ လုံခြုရာ နေရာဖြစ်အောင်
ဝိုင်းဝန်းလုပ်ဆောင် ပေးကြရန် ဒေါ်အောင်ဆန်းစုကြည်က
တိုက်တွန်းပြောကြားခဲ့ပြီး ထိုသို့ လုပ်ဆောင်ခြင်းသည် အာဇာနည်
ခေါင်းဆောင်ကြီးများအား အကောင်းဆုံး ကျေးဇူးဆပ်သည့် နည်းလမ်းပင် ဖြစ်သည်ဟု
ပြောကြားသည်။
Eleven Media Group
လူထုသို့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
No comments:
Post a Comment