မန္တလေးမြို့တော်တွင် စက်တင်ဘာ ၁ ရက်မှ ၁၁ ရက်နေ့အထိ ကျင်းပမည့် စစ်တုရင်
ပြိုင်ပွဲနှင့် သတ္တမအကြိမ်မြောက် မန္တလာ အိုးပင်း စစ်တုရင် ပြိုင်ပွဲသို့
ဆီးဂိမ်း လက်ရွေးစင်များ ပါဝင် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း
မန္တလေးတိုင်းဒေသကြီး စစ်တုရင် ဆပ်ကော်မတီ အတွင်းရေးမှူး ဦးနေဝင်းက
ပြောကြားသည်။
အဆိုပါ
ပြိုင်ပွဲကို စစ်တုရင် ဝါသနာရှင်များအပြင် ဆီးဂိမ်း ပြိုင်ပွဲတွင်
မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်မည့် အားကစားသမားများလည်း လာရောက်
ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောကြား သည်။
“ဆီးဂိမ်းအတွက် Camp
သွင်းထားတဲ့ ကစားသမားတွေလည်း လာရောက် ယှဉ်ပြိုင်ကြမှာပါ။ သက်ဆိုင်ရာ
ဝန်ကြီးတွေကလည်း ခွင့်ပြုပြီး ဖြစ်ပါ တယ်”ဟု မြန်မာနိုင်ငံ စစ်တုရင်
အဖွဲ့ချုပ် အကဲဖြတ် ဒိုင်လူကြီးနှင့် မန္တလေးတိုင်းဒေသကြီး စစ်တုရင်
ဆပ်ကော်မတီ အတွင်းရေးမှူး ဦးနေဝင်းက ဆိုသည်။
စစ်တုရင်
ပြိုင်ပွဲကို မြန်မာနိုင်ငံ ဆရာဝန်များအသင်း (မန္တလေး) ပိတောက် ခန်းမတွင်
ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး စက်တင်ဘာ ၁ ရက်နေ့မှ ၅ ရက်နေ့ အထိ
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလားကို ကျင်းပကာ စက်တင်ဘာ ၇ ရက်နေ့မှ ၁၁
ရက်နေ့အထိ မန္တလာအိုးပင်း ပြိုင်ပွဲကို ဆက်လက် ကျင်းပမည် ဖြစ်ကြောင်း
ပြိုင်ပွဲကျင်းပရေး ကော်မတီထံမှ သိရှိရသည်။
ဝန်ကြီးချုပ် ဖလားတွင်
အပြည်ပြည်ဆိုင်ရာ အသင်းလိုက် ပြိုင်ပွဲ၊ မြို့နယ်ပေါင်းစုံ မြန်မာ့ရိုးရာ
စစ်တုရင် အသင်းလိုက် ပြိုင်ပွဲ၊ အမျိုးသမီးများ အသင်းလိုက် ပြိုင်ပွဲ၊
သက်တမ်းအလိုက် လူငယ် တံခွန်စိုက် ပြိုင်ပွဲ စသော ၄ မျိုးဖြင့် ကျင်းပမည်
ဖြစ်ကြောင်း၊ သက်တမ်းအလိုက် လူငယ်တံခွန်စိုက် ပြိုင်ပွဲ ကို အသက် ၁၀ နှစ်၊
၁၂ နှစ်၊ ၁၄ နှစ်၊ ၁၆ နှစ်၊ ၁၈ နှစ် ၂၀ အထိ ကျင်းပမည် ဖြစ်သဖြင့်
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာ အလယ်တန်းကျောင်းနှင့်
အထက်တန်းကျောင်းများ မှ ကျောင်းသားများ ပါဝင် ယှဉ်ပြိုင်နိုင်ရန်
ဖိတ်ခေါ်ထားပြီး ဆုကြေးအဖြစ် ပထမဆု ၃ သိန်း၊ ဒုတိယဆု ၂ သိန်း၊ တတိယဆု ၁
သိန်း၊ နှစ်သိမ့်ဆု ကျပ် ၇ သောင်း၊ ကျပ် ၆ သောင်း၊ ကျပ် ၅ သောင်း၊ အသက် ၅၀
နှင့်အထက် ထူးချွန်ဆု ကျပ် ၄ သောင်း၊ အမျိုးသမီး ထူးချွန်ဆု ကျပ် ၅ သောင်း
အသီးသီး ချီးမြှင့်မည် ဖြစ်ကြောင်း ၎င်းထံမှ သိရှိရသည်။
မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ် အနေနှင့် ဆီးဂိမ်းအကြို စစ်တုရင်
ပြိုင်ပွဲကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ မှ သြဂုတ်လ ၅ ရက်နေ့အထိ နေပြည်တော်
ဇမ္ဗူသီရိ ခန်းမတွင် ကျင်းပခဲ့ပြီး မြန်မာ့ဆီးဂိမ်း အားကစားသမားများ အပြင်
နိုင်ငံတကာ ဆီးဂိမ်း အားကစားသမားများပါ ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း အဆိုပါ
တာဝန်ရှိသူထံမှ သိရသည်။
The Voice Weekly
No comments:
Post a Comment