နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကိုရီးယား သမ္မတနိုင်ငံ လုံခြုံရေးနှင့်
ပြည်သူ့စီမံ ခန့်ခွဲရေးဝန်ကြီး H.E. Mr. YOO Jeong Bok ဦးဆောင်သော
ကိုယ်စားလှယ် အဖွဲ့အား သြဂုတ် ၂၉ ရက် နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ
နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ယင်းသို့ တွေ့ဆုံစဉ် နိုင်ငံတော် သမ္မတက မြန်မာနိုင်ငံ၌ ကျေးလက်ဒေသ
ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျော့ချရေး အတွက် အင်တိုက်အားတိုက်
ဆောင်ရွက်လျက် ရှိကြောင်း၊ ကိုရီးယား သမ္မတနိုင်ငံက မြန်မာနိုင်ငံတွင်
စံပြကျေးရွာများ ဖော်ဆောင်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို ကူညီပေးလျက်
ရှိသဖြင့် များစွာ ကျေးဇူးတင်ရှိကြောင်း၊ မြန်မာ-ကိုရီးယား စီးပွားရေး
ပူးပေါင်းဆောင်ရွက်မှု ကော်မတီ ဖွဲ့စည်းပြီး မြန်မာနိုင်ငံ စီးပွားရေး
ဖွံ့ဖြိုးရေးအတွက် ကဏ္ဍများစွာတွင် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်းဖြင့်
ပြောကြားသည်။
ကိုရီးယား သမ္မတနိုင်ငံ လုံခြုံရေးနှင့် ပြည်သူ့
စီမံခန့်ခွဲရေး ၀န်ကြီးက ယခုအချိန်တွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံ
ဆက်ဆံမှု ပိုမိုကောင်းမွန်လာပြီး အထူးသဖြင့် စီးပွားရေး
ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်း လာပါကြောင်း၊ မြန်မာနိုင်ငံ၏
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အလွန်အရေးကြီး
ပါကြောင်း၊ ယင်းသို့ ဖွံ့ဖြိုးမှသာ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်
လာမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့ပြင် ကိုရီးယားနိုင်ငံမှ
ဆမ်ဆောင်း ကုမ္ပဏီက မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန်
ညှိနှိုင်းဆောင်ရွက်နေမှု၊ ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး
အေဂျင်စီနှင့် ဆက်သွယ်၍ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်မှု
ကောင်းမွန်ရေး တို့အတွက် ပူးပေါင်းဆောင်ရွက်နေမှု၊ ကိုရီးယားနိုင်ငံ
ဒုတိယ၀န်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် အမေရိကန် ဒေါ်လာ သန်း ၅၀၀
ချေးငှားရန် သဘောတူညီခဲ့မှု၊ မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ
ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းစဉ် ရှစ်ရပ်ချမှတ်၍ ၀န်ကြီးဌာနပေါင်းစုံ
ပူးပေါင်းဆောင်ရွက် နေမှုတိုနှင့် ပတ်သက်၍လည်း ဆွေးနွေးမှုများ
ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
Eleven Media Group
သမ္မတဦးသိန်းစိန် ကိုရီးယား သမ္မတနိုင်ငံ လုံခြုံရေးနှင့် ပြည်သူ့စီမံ
ခန့်ခွဲရေးဝန်ကြီးနှင့် အဖွဲ့အား တွေ့ဆုံစဉ် (ဓာတ်ပုံ-သမ္မတရုံး ၀က်ဘ်ဆိုက်)
No comments:
Post a Comment