မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် တရားမ၀င် အလုပ်သမားများ ကို
အထူးစီမံချက်ဖြင့် ဖမ်းဆီးနေမှုများ ပြုလုပ်နေစဉ် ကာလအတွင်း မြန်မာ လုပ်သား
၆၇ ဦးမှာ သြဂုတ် ၃၁ ရက် မွန်းလွဲ ၂နာရီ ၅ မိနစ်ခန့်တွင် MAI
လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။
အဆိုပါ အလုပ်သမားများသည် ဧရာဝတီ ဖောင်ဒေးရှင်း၏ လေယာဉ်လက် မှတ်များ လှူဒါန်းမှု အစီအစဉ်ဖြင့် ပြန်လည်ရောက်ရှိလာသူများ ဖြစ်သည်။
"ဒီတစ်ခါ ပြန်လည်ရောက်ရှိလာသူတွေက ဧရာဝတီဖောင်ဒေးရှင်း က လေယာဉ်လက်မှတ်
၁၀၀၀ လှူဒါန်းမှုနဲ့ ပြန်လည်ရောက် ရှိလာ တဲ့ နောက်ဆုံးအသုတ် ဖြစ်ပါတယ်။
ဧရာဝတီဖောင်းဒေးရှင်းက လှူဒါန်းတဲ့ လက်မှတ် ၁၀၀၀ လည်း လုံးဝကုန်သွားပါပြီ"
ဟု မလေးရှားရှိ မြန်မာ လုပ်သားများ မြန်မာနိုင်ငံသို့
ပြန်လည်ရောက်ရှိရေးအတွက် ကူညီဆောင် ရွက်ပေးနေသူ ဦးသီဟမောင်မောင်က
ပြောကြားသည်။
မလေးရှားနိုင်ငံတွင် စက်တင်ဘာ ၁ ရက်(ယနေ့)
မှစတင်ပြီး မြန်မာနိုင်ငံ အပါအ၀င် အခြားနိုင်ငံများမှ တရားမ၀င်
အလုပ်သမားများကို အထူးစီမံ ချက်ဖြင့် သုံးလဆက်တိုက် ဖမ်းဆီးပြီး
နေရပ်ပို့မည့် အစီအစဉ်ကို စတင် မည်ဖြစ်သော်လည်း ထိုရက်မတိုင်မီ အချိန်ကပင်
ဖမ်းဆီးစစ်ဆေးမှု များ ပြုလုပ်နေကြောင်း ပြန်လည်ရောက်ရှိလာသည့်
မြန်မာလုပ်သားများက ပြောကြားသည်။
"ကျွန်တော်က မလေးမှာ
အလုပ်လုပ်နေတာ ရှစ်နှစ်ရှိနေပါပြီ။ အခုပြန်လာ တာက ဗီဇာပြည့်လို့ ပြန်လာတာ
မဟုတ်ပါဘူး။ ဆူဆူညံညံတွေ ဖြစ်နေ တယ်။ အဖမ်းအဆီးတွေလည်း ရှိနေတယ်။ အခုက
အထူးစီမံချက်တွေ ထုတ်ပြီးတော့ ဖမ်းဆီးနေပါတယ်။ အရင်ကတည်းက
ဖမ်းတော့ဖမ်းနေတယ်။ ဟိုမှာလည်း အလုပ်လုပ်ရတာလည်း အဆင်မပြေဘူး။ ပိုက်ဆံလည်း
မရဘူး" ဟု မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူ ကိုဇော်မျိုးနိုင်က
ပြောကြားသည်။
"ကျွန်မက အီလက်ထရွန်နစ် စက်ရုံမှာ အလုပ်လုပ်ရတယ်။
မလေးကို ရောက်တာတော့ သိပ်မကြာသေးဘူး။ စက်ရုံကလည်း ဒေ၀ါလီခံလိုက်ရလို့
အလုပ်မရတော့ဘူး။ ကျန်းမာရေးကလည်း မကောင်းဘူး။ အထူးစီမံချက်နဲ့လည်း
ဖမ်းဆီးနေတဲ့အတွက် ပြန်လာရခြင်း ဖြစ်ပါတယ်။
အချို့ကျွန်မအသိတွေထဲမှာ ကြမ်းကြမ်းတမ်းတမ်း အဖမ်းခံရတာတွေ ရှိတယ်။
သူတို့ကို သုံးလလောက်ကြာမှ ပြန်လွှတ်ပေးတာတွေ ရှိတယ်" ဟု ဂျိုဟိုးမြို့ရှိ
စက်ရုံတွင် အလုပ်လုပ်ခဲ့သူ မဇာခြည်က ဆိုသည်။
မလေးရှားနိုင်ငံမှ
ပြန်လည်ရောက်ရှိလာသည့် မြန်မာလုပ်သား ၆၇ ဦးမှာ ဧရာဝတီဖောင်ဒေးရှင်း၏
ကူညီမှုဖြင့် ပြန်လည်ရောက်ရှိလာကြောင်း သိရပြီး မလေးရှားနိုင်ငံတွင် ပဋိပက္ခ
ဖြစ်ပွားချိန်၌ ပြန်လာချင်သည့် မြန်မာလုပ်သား များကို ဖောင်ဒေးရှင်းက
စရိတ်အခမဲ့ ပြန်လည်ခေါ်ယူခဲ့သည်မှာ လူဦးရေ ၁၀၀၀ ခန့်ရှိပြီဖြစ်ကြောင်း
ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူက ပြောကြားသည်။
သြဂုတ်လ ၃၁ ရက်က MAI လေကြောင်းလိုင်းဖြင့် ပြန်လည်ရောက်ရှိ လာသော မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများကို တွေ့ရစဉ်
Eleven Media Group
No comments:
Post a Comment