ဘွဲ့ရလူငယ်အချို့ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများတွင် ဆရာဖြစ်
ဝင်ရောက်လုပ်ကိုင်ရန် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၌ လျောက်ထားမှုများ
များပြားလာကြောင်း ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများမှ သိရသည်။
''အခုလာလျှောက်တာ လျှောက်လွှာ ၄၀ လောက်ရှိနေပြီ။ လာလျှောက်တဲ့ သူတွေထဲမှာ
ဆယ်တန်းအောင် တွေရော ဘွဲ့ရတွေရော အများကြီးပါတယ်။ ဘွဲ့ရတွေကို အဓိက
ဦးစားပေး ခန့်အပ်သွားမှာပါ'' ဟု ရန်ကုန်တိုင်း ဒေသကြီး ဘုန်းတော်ကြီးသင်
ပညာရေးကျောင်း ကြီးကြပ်ရေးအဖွဲ့မှ အတွင်းရေးမှူး ဘဒ္ဒန္တကုသလက မိန့်ဆိုသည်။
ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများတွင် ယခုပညာသင်နှစ်မှ စတင်ကာ
ပေးအပ်မည့် ထောက်ပံ့လစာငွေ ပေးအပ်မှု အစီအစဉ်များကြောင့် ဘွဲ့ရအလုပ်လက်မဲ့
လူငယ်အချို့ အဆိုပါ ကျောင်းများတွင် ဆရာဖြစ် သင်ကြားရန် စိတ်ဝင်စားလျက်
ရှိနေကြောင်းလည်း သိရသည်။
''လုပ်အားပေး ဆရာမအနေနဲ့
ဘုန်းတော်ကြီးသင် ကျောင်းတွေမှာ ၀င်သင်ပေးဖူးတယ်။ စေတနာ အပြည့်နဲ့
ကလေးတွေကို သင်ပေးခဲ့တာပါ။ မိသားစု စားဝတ်နေရေး အခြေအနေကြောင့်
ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ မသင်ပေး
ဖြစ်တော့ပါဘူး'' ဟု ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်းတွင်
လုပ်အားပေး ဆရာမအဖြစ် စာသင်ကြားခဲ့ဖူးသူ တစ်ဦးက ဆိုသည်။
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ လက်ရှိအချိန်တွင် သင်ကြားရေး ဆရာအဖြစ်
လာရောက် လျှောက်ထားကြသူ များပြားလျက်ရှိပြီး ကျောင်းအချို့၌ သင်ကြားရေး
ဆရာအဖြစ် ဘွဲ့ရများကိုသာ ဦးစားပေး ခန့်အပ်သွားမည် ဖြစ်ကြောင်း သိရသည်။
''လစာပေးတယ် ဆိုပေမယ့်လည်း စာချုပ်ပုံစံနဲ့ ခန့်အပ်တာမျိုးတော့
လုပ်မှာမဟုတ်ဘူး။ လာလျှောက်ကြတဲ့ သူတွေလည်း များတယ်။ လျှောက်လွှာတွေ
အားလုံးကိုတော့ လက်ခံထားတယ်။ အခုလက်ရှိ သင်နေတဲ့ ဆရာ၊ ဆရာမတွေ နဲ့ကလည်း
လုံလောက်နေသေးတယ်။ အချို့အလုပ် ထွက်ချင်တဲ့သူ ရှိရင်တော့လည်း အဲဒီနေရာမှာ
အစားထိုးသွားဖို့ အဆင်ပြေ သွားတာပေါ့'' ဟု ဘုန်းတော်ကြီးသင် ပညာရေးကျောင်း
ကြီးကြပ်ရေးအဖွဲ့မှ အတွင်းရေးမှူး ဘဒ္ဒန္တ ကုသလက မိန့်ဆိုသည်။
''ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ စာသင်ပေးဖို့ ၀ါသနာလည်းပါတယ်။
စိတ်ဆန္ဒလည်း ရှိပေမယ့် ငွေကြေး အခက်အခဲကြောင့် သွားပေး သင်ပေးဖို့
အဆင်မပြေခဲ့ဘူး။ ဘွဲ့ရပြီးတာက သုံးနှစ်လောက် ရှိပေမယ့် ဘွဲ့နဲ့ဆက်စပ်တဲ့
အလုပ်အကိုင်က မရသေးဘူး။ ရတဲ့အလုပ်တွေကလည်း နေတဲ့နေရာနဲ့ အလှမ်းဝေးတော့
ခရီးစရိတ်နဲ့ ပြန်တွက်ကြည့်ရင်လည်း ဘကကျောင်းမှာ ရမယ့် လစာလောက်ပဲ အသားတင်
ကျန်တယ်။ အဲဒီတော့ ဘကကျောင်းမှာ စာသင်ဖို့ စိတ်ကူးထားတယ်'' ဟု
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် သင်ကြားရေး ဆရာအဖြစ် အလုပ်သွားရောက်
လျှောက်ထားခဲ့သူ တစ်ဦးက ဆိုပါသည်။
ဘုန်းတော်ကြီးသင်
ပညာရေးကျောင်းများမှ ဆရာ၊ ဆရာမများ အတွက် နိုင်ငံတော်မှ ထောက်ပံ့လစာ
ငွေများအဖြစ် ဘွဲ့ရ မူလတန်းပြ တစ်ဦးလျှင် ငွေကျပ် ၃၅၀၀၀၊ အလယ်တန်းပြ
တစ်ဦးလျှင် ငွေကျပ် ၄၅၀၀၀၊ အထက်တန်းပြ တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ အား
လစဉ်ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။
Eleven Media Group
ရန်ကုန်တိုင်း ဒေသကြီး၊ သာကေတမြို့နယ်ရှိ နတ်မောက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် စာသင်ကြားနေသည်ကို တွေ့ရစဉ်
No comments:
Post a Comment