တော့တင်ဟမ် ဟော့စပါး အသင်းသည် ဗလန်စီယာ တိုက်စစ်မှူး ရောဘတ်တို ဆိုလ်ဒါဒိုကို ခေါ်ယူရန် အပြီးသတ် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။
စပါးအသင်း၏ အဖြူရောင် ဂျာစီကို ကိုင်ဆောင်ကာ ဂုဏ်ယူစွာ ဓာတ်ပုံ
အရိုက်ခံခဲ့သော စပိန်လက်ရွေးစင်သည် အသင်း၏ သမိုင်းတစ်လျှောက်
တန်ကြေးအမြင့်ဆုံး ဝယ်ယူသော ကစားသမားလည်း ဖြစ်လာသည်။ စပါးသည် ဆေးစစ်မှုများ
အောင်မြင် ပြီးမြောက်သည့်နောက် အသက်(၂၈)နှစ်ရှိ ဆိုလ်ဒါဒိုအား အပြီးသတ်
စာချုပ်ခဲ့သည်။ ၎င်း၏ ပြောင်းရွှေ့ကြေးမှာ ပေါင်စတာလင် (၂၆)သန်းမျှ
ကျသင့်ခဲ့ကြောင်း သိရသည်။ ဆိုလ်ဒါဒိုသည် ဩဂုတ်လ (၁၀)ရက်နေ့တွင်
စပါးအသင်းနှင့် အက်စ်ပန်ညိုတို့ ခြေစမ်းပွဲ၌ အသင်းသစ်အတွက် စတင်
ပါဝင်လာဖွယ် ရှိနေသည်။
စပါးမန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်
အနေဖြင့် ထိပ်တန်း တိုက်စစ်မှူးတစ်ဦးကို ကာလရှည်ကြာ ရှာဖွေနေရာ
ဆိုလ်ဒါဒိုသည် အပြီးသတ် ဖြေရှင်းမှုလည်း ဖြစ်လာခဲ့သည်။ စပါးအသင်းက
"ကျွန်တော်တို့ အနေနဲ့ ဆိုလ်ဒါဒိုကို ဗလန်စီယာ အသင်းဆီက အောင်မြင်စွာ
ခေါ်ယူနိုင်ခဲ့တဲ့အတွက် ဝမ်းသာ ပျော်ရွှင်မိပါတယ်။ ဆေးစစ်မှုတွေ
ပြီးမြောက်ချိန်မှာ သူ့ကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ပါတယ်"ဟု ကြေညာခဲ့သည်။
ဆိုလ်ဒါဒိုသည် ရီးယဲလ်မက်ဒရစ်တွင် ကစားသမားဘဝ စတင်ပြီးနောက် လွန်ခဲ့သည့်
(၃)နှစ်က မွေးရပ်ဇာတိ ကလပ်အသင်းသို့ ပြန်လည် ကူးပြောင်းလာသည်။
၎င်းသည် ပြီးခဲ့သည့် ရာသီက ဗလန်စီယာအတွက် စုစုပေါင်း (၄၆)ပွဲ ကစားကာ ဂိုး(၃၀)
သွင်းယူပေးခဲ့သည်။ ဆိုလ်ဒါဒိုကို ခေါ်ယူခြင်းသည် စပါးအသင်း၏ ကလပ်စံချိန်တင်
ပြောင်းရွှေ့ကြေး တစ်ရပ်ကို (၄)ပတ်အတွင်း (၂)ကြိမ်မြောက် သုံးစွဲမှုလည်း
ဖြစ်လာသည်။ စပါးသည် လွန်ခဲ့သော (၄)ပတ်ကမှ ဘရာဇီးလ် လက်ရွေးစင် ပေါ်လင်ဟိုကို
ပေါင်စတာလင် (၁၇)သန်းဖြင့် ဝယ်ယူခဲ့ပြီး ယင်းသည်
ယခင်စံချိန်ဟောင်းဖြစ်သည့် လူကာမိုဒရစ်အတွက် ပေါင်စတာလင် (၁၆)သန်း
ပေးချေခဲ့မှုကို ကျော်ဖြတ်နိုင်ခဲ့သည်။
soccermyanmar
No comments:
Post a Comment