ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီက ခြောက်ပေ ခြောက်လက်မ အရှည်ရှိ
မိကျောင်းတစ်ကောင်ကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ သြဂုတ်လ ပထမပတ်က လာရောက်
လှူဒါန်းထားကြောင်း ရန်ကုန်တိရစ္ဆာန် ဥယျာဉ် တိရစ္ဆာန် ဆေးကုဆရာဝန်
ဒေါက်တာထွန်းမြင့်က The Voice သို့ ပြောကြားသည်။
ကျွန်းစုမြို့နယ်အတွင်းရှိ မရမ်းချောင်းနှင့် ကုတင်ချောင်းအစပ်တွင်
အလျားတစ်ပေခန့်ရှိ အဆိုပါမိကျောင်းကို ၂၀၀၃ ခုနှစ်က ငါးဖမ်းပိုက်တွင်းမှ
ဖမ်းဆီးရမိခဲ့သည် ရေလုပ်ငန်း လုပ်ကိုင်သော ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ်
ကုမ္ပဏီက ဝယ်ယူမွေးထားခဲ့ပြီး အသက် ၁၂ နှစ် အရှည်ခြောက်ပေ ခြောက်လက်မ
အရွယ်တွင် သစ်တောရေးရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို လာရောက် လှူဒါန်းခြင်း ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
“သားရဲတိရစ္ဆာန်မှန်ရင် ဘာမှအိမ်မှာ (ပုဂ္ဂလိကအနေနဲ့) မွေးခွင့်မရှိဘူး” ဟု
မြန်မာနိုင်ငံ ငှက်ဝါသနာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးသိန်းအောင်က ဆိုသည်။
မြန်မာနိုင်ငံတွင် ကိုယ်ပိုင်ဆင် ရှိသူများရှိပြီး မှတ်ပုံတင်ထားသောဆင်
သေပါက ပိုင်ရှင်က ပြန်ရောင်းချခွင့် ရှိသော်လည်း နိုင်ငံခြားကို
ရောင်းချပါက တရားမဝင်ကြောင်း၊ လုပ်ငန်းပါမစ်ရှိသော ကုမ္ပဏီတစ်ခုမှ
ကုမ္ပဏီပိုင် အိမ်မွေးငှက်၊ ငါးတို့မှ ပေါက်ဖွားသော တိရစ္ဆာန်များကို
မွေးမြူခွင့် ရှိသော်လည်း မျိုးဆက်သုံးကြိမ်မြောက် တိရစ္ဆာန်ကိုသာ ပြန်လည်
ရောင်းချခွင့် ရှိကြောင်း ၎င်းကပြောကြားသည်။
“ကန့်သတ်ထားတဲ့ တိရစ္ဆာန်ကို နိုင်ငံခြားကို ခိုးထုတ်တာ မှောင်ခိုလုပ်တာ ဆိုရင်တော့ ဥပဒေနဲ့ ငြိစွန်းတယ်” ဟု ၎င်းကဆိုသည်။
ယင်းမိကျောင်းကို အပတ်စဉ် တနင်္လာနေ့တိုင်း ငါးမြစ်ချင်း နှစ်ပိဿာ
ကျွေးကြောင်း၊ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် မိကျောင်း ၁၃ ကောင် ရှိကြောင်း
မိကျောင်းများကို ထိန်းသိမ်း စောင့်ရှောက်သူ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရှိ တိရစ္ဆာန်များ၏ ကျွေးမွေးစရိတ်သည် တစ်ရက်လျှင်
ကျပ်လေးသိန်းခွဲနှင့် ငါးသိန်းကြား ရှိသည်ဟု ရန်ကုန်တိရစ္ဆာန်ဥယျာဉ်
အုပ်ချုပ်ရေးမှူး ဦးတင်ရွှေက ပြောဆိုသည်။
ရလေး
The Voice Weekly
No comments:
Post a Comment