မန္တလေးတိုင်းဒေသကြီးအတွင်း လိုင်စင်မရှိဘဲ သဘာဝမြေသြဇာ ထုတ်လုပ်
ရောင်းချနေသည့် ဆိုင်များနှင့် ဈေးကွက်အတွင်း ရောင်းချနေ သည့်
ဓာတ်မြေသြဇာများကို အရည်အသွေး စံချိန်စံညွှန်း ပြည့်မီခြင်း ရှိ မရှိ
စစ်ဆေးလျက်ရှိရာ အရည်အသွေး မပြည့်မီသော ဓာတ်မြေသြဇာများ ထုတ်လုပ်
ရောင်းချနေသူ ၁၇ ဦးကို စစ်ဆေး တွေ့ရှိရကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး ဦးမြင့်သန်းက The Voice သို့ ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီးရှိ ဈေးကွက်အတွင်း ရောင်းချနေသော သဘာဝ
ဓာတ်မြေသြဇာများကို ဖေဖော်ဝါရီလမှ သြဂုတ်လ ၁၆ ရက်နေ့အထိ စမ်းသပ်
စစ်ဆေးခဲ့ရာ စံချိန်စံညွှန်း မပြည့်မီသည့် သဘာဝ မြေသြဇာများ ထုတ်လုပ်
ရောင်းချနေသူ မြင်းခြံ မြို့နယ်တွင် လေးဦး၊ တောင်သာမြို့နယ် တွင် ၁၃ ဦး
တွေ့ရှိခဲ့ကြောင်း ၎င်းကဆိုသည်။
ယင်းအပြင် မန္တလေးခရိုင်အတွင်း သဘာဝ
မြေသြဇာ ထုတ်လုပ် ရောင်းချသူ ၁၄ ဦးထဲမှ တံဆိပ် ကိုးခုကို စစ်ဆေးခဲ့ရာ
စံချိန်စံညွန်း ပြည့်မီသည် ကို တွေ့ရပြီး ကျန် တံဆိပ်များကိုလည်း ဆက်လက်
စစ်ဆေးသွားမည် ဖြစ်ကြောင်း သဘာဝ မြေသြဇာ စနစ်တကျ ထုတ်လုပ် သုံးစွဲရေး
ကော်မတီ ဥက္ကဋ္ဌက ပြောကြားသည်။
အရည်အသွေး စံချိန်စံညွှန်း
ပြည့်မီခြင်း မရှိသော ဓာတ်မြေသြဇာများ ကို ဈေးကွက်အတွင်း ထုတ်လုပ်
ရောင်းချနေမှုများ ရှိနေသဖြင့် စစ်ဆေးရခြင်း ဖြစ်ပြီး ယင်းကဲ့သို့
စစ်ဆေးရန်အတွက် ခရိုင်အလိုက် စစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်းထားကြောင်း
ဝန်ကြီးက ထပ်မံ ပြောကြား သည်။
မန္တလေးတိုင်းဒေသကြီးအတွင်း
မြင်းခြံ၊ တောင်သာနှင့် ကျောက်ပန်းတောင်း မြို့နယ်တို့တွင် အရည်အသွေး
မပြည့်မီသည့် သဘာဝ မြေသြဇာများ ထုတ်လုပ် ရောင်းချနေမှု ရှိသဖြင့်
စံချိန်စံညွန်းနှင့်အညီ ထုတ်လုပ် ရောင်းချရန် ပညာပေး ဆွေးနွေးသွားမည်
ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယင်းသို့ ထုတ်လုပ် ရောင်းချနေမှုကို
မန္တလေးတိုင်းဒေသကြီး သဘာဝမြေသြဇာ စနစ်တကျ ထုတ်လုပ် သုံးစွဲရေး ဥပဒေအရ
အရေးယူခြင်း မပြုမီ ပညာပေး ကာလအဖြစ် ထုတ်လုပ် ရောင်းချနေသူများ ကို ခေါ်ယူ
ဆွေးနွေးသွားမည် ဖြစ်ကြောင်း သဘာဝ မြေသြဇာ စနစ်တကျ ထုတ်လုပ် သုံးစွဲရေး
ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်သန်းက ပြောကြားသည်။
“အရည်အသွေး မပြည့်မီတဲ့
သဘာဝ မြေသြဇာတွေက တောင်သူတွေကို ထိခိုက်စေပါတယ်။ တောင်သူ တစ်ဦးဆိုရင် သဘာဝ
မြေသြဇာ တံဆိပ် တစ်ခုက နမူနာ စမ်းသုံးကြည့်ဖို့ ပေးတယ်။ အထွက်နှုန်း
လျော့လာလို့ ဆုံးရှုံးမှု တစ်ခု ဖြစ်သွားတယ်။ သူ့ဟာကို ယုံပြီးတော့ ကျန်တာ
မသုံးလိုက်တော့ ထွက်နှုန်းကို ထိခိုက်သွားတယ်” ဟု မန္တလေးမြို့တော်ရှိ
စိုက်ပျိုးရေး ပညာရှင် ဦးမောင်ရှင်က ပြောကြားသည်။
စံချိန်စံညွန်း
ပြည့်မီစွာ ထုတ်လုပ် ရောင်းချရေး ပညာပေး ဆွေးနွေးပြီးပါက စံချိန်စံညွှန်း
ပြည့်မီစွာ ထုတ်လုပ် ရောင်းချခြင်း မပြုပါက မန္တလေးတိုင်းဒေသကြီး သဘာဝ
မြေသြဇာ စနစ်တကျ ထုတ်လုပ် သုံးစွဲရေး ဥပဒေ စီမံခန့်ခွဲမှုအရ ကော်မတီက
သတ်မှတ်သည့် ဒဏ်ကြေးငွေ ပေးဆောင်ရန်၊ လိုင်စင် ပယ်ဖျက်ရန်၊ ထုတ်လုပ်မှု ယာယီ
ရပ်ဆိုင်းရန်နှင့် ရက် အကန့်အသတ်မရှိ ထုတ်လုပ်မှု ရပ်ဆိုင်းရန် ပြစ်ဒဏ်
ချမှတ်နိုင်ကြောင်း ဝန်ကြီးက ဆက်လက် ပြောကြားသည်။
“မန္တလေးတိုင်းဒေသကြီးထဲမှာ လိုင်စင်မရှိဘဲ ဓာတ်မြေသြဇာ ဖြန့်ဖြူး ရောင်း
ချနေတာ တွေ့ရတယ်။ အဲဒီဓာတ်မြေသြဇာတွေ စံချိန်စံညွှန်းနဲ့ ညီ မညီ
စစ်ဆေးဖို့အတွက် ဆွေးနွေးထားတာ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ယင်းအပြင်
မှတ်ပုံတင်မရှိဘဲ ရောင်းချနေသည့် ဆိုင်များကို တစ်နှစ်ထက် မပိုသည့်
ထောင်ဒဏ်၊ ကျပ်ငါးသောင်းထက် မပိုသော ငွေဒဏ်အပြင် ဒဏ်နှစ်ရပ်လုံး
ချမှတ်နိုင်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။
The Voice Weekly
No comments:
Post a Comment