Pages

17.8.13

မန္တလေးတွင် ငှက်ကြည့် အခြေခံသင်တန်း ဖွင့်မည်

Saturday, August 17, 2013
 ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်ရာ မန္တလေးမြို့တော်၌ သဘာဝအခြေခံ ခရီးသွား လုပ်ငန်းကို အထောက်အကူပြုရန်နှင့် ငှက်ကြည့် ဧည့်လမ်းညွှန်များ လေ့ကျင့်မွေးထုတ်ပေးရန် ရည်ရွယ်၍   မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းနှင့် မန္တလေးမြို့ ချမ်းမြသုခ အင်္ဂလိပ်စာ သင်တန်းတို့ ပူးပေါင်း စီစဉ်မှုဖြင့် ငှက်ကြည့် အခြေခံသင်တန်းကို သြဂုတ်လ ၃၀ ရက်မှ စက်တင်ဘာလ ၁ ရက်နေ့အထိ ဖွင့်လှစ်သွားမည် ဖြစ်သည်။
အဆိုပါသင်တန်းတွင် ငှက်မျိုးစိတ် ခွဲခြားနည်း၊ ငှက်များ၏ သဘာဝနှင့် ဂေဟစနစ်၊ မြန်မာနိုင်ငံရှိ ငှက်မျိုးစိတ်များ၊ ဌာနေငှက်များ၊ ရှားပါးငှက်များ၊ ရာသီပြောင်း ဆောင်းခိုငှက်များနှင့် ၎င်းတို့ကို   တွေ့ရှိရာ   ဒေသများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သဘာဝအခြေခံ ခရီးသွားဒေသများ စသည်တို့ကို   မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းမှ ပညာရှင်များနှင့် ဝါရင့် ငှက်ကြည့် ဧည့်လမ်း ညွှန်များက စာတွေ့လက်တွေ့ သုံးရက်ကြာ ပို့ချသွားမည် ဖြစ်သည်။

မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း အနေဖြင့် ငှက်ကြည့် အခြေခံသင်တန်းများကို ရန်ကုန်မြို့တွင် ခြောက်ကြိမ်၊ မန္တလေးမြို့တွင် တစ်ကြိမ်၊ ပုဂံမြို့တွင် နှစ်ကြိမ်၊ ကလောမြို့တွင်တစ်ကြိမ် ဖွင့်လှစ်ခဲ့ဖူးပြီး ယခုဖွင့်လှစ်မည့် သင်တန်းသည် မန္တလေးမြို့တွင် ဒုတိယအကြိမ်မြောက် ဖြစ်ကြောင်း အသင်းအမှုဆောင်တစ်ဦးက ဆိုသည်။

မန္တလေးမြို့ ပတ်ဝန်းကျင်၌ သစ်တော ငှက်များ၊ ရေပျော်ငှက်များနှင့် ရာသီပြောင်း ဆောင်းခိုငှက်များ စုံလင်စွာ ကျက်စားသည်ကို တွေ့ရှိနိုင်ပြီး ငှက်ကြည့် လေ့လာရန် အကောင်းဆုံး နေရာများမှာ မန္တလေးတောင် ပတ်ဝန်းကျင်၊ တောင်သမန်အင်း၊ ပလိပ်အင်း၊ အင်းဝမြို့ဟောင်းနှင့် ဧရာဝတီမြစ်ဝှမ်း တစ်လျှောက်တို့ ဖြစ်ကြောင်း ဒေသခံ ဧည့်လမ်းညွှန်များက ပြောကြားသည်။

အဆိုပါသင်တန်းသို့ တက်ရောက်လိုသူများနှင့် အသေးစိတ် သိရှိလိုသူများသည် သင်တန်းဖွင့်လှစ်မည့် ချမ်းမြသုခ လူမှုကူညီရေးအသင်းရုံး၊ တမ္ပဝတီမြို့ဟောင်းဈေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့နှင့် သင်တန်းကြီးကြပ်သူများဖြစ်သည့် ကိုစည်သူ ဖုန်း-၀၉-၉၁၀၁၃၈၆၇၊ ကိုဖြိုးဝေမင်း ၀၉-၄၀၀၄၆၁၀၄၁ တို့ထံ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြသည်။

The Voice Weekly

No comments:

Post a Comment