တစ်နှစ်လျှင် ဆန်စပါး တန်တစ်သိန်း ကြိတ်ခွဲထုတ်လုပ်နိုင်မည့်
ဆန်စက်များကို ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ နေပြည်တော်တို့တွင် တည်ဆောက်ရန်
နိုင်ငံတကာတင်ဒါ ခေါ်ယူထားကြောင်း မြန်မာ လယ်ယာ စီးပွားအများပိုင်
ကော်ပိုရေးရှင်း လီမိတက် (MAPCO) ထံမှ သတင်းရရှိသည်။
လက်ရှိရင်းနှီးမြှုပ်နှံမှု ကျပ်သန်းပေါင်း တစ်သန်းရှိသည့် MAPCO သည်
လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ၊ ကန်ထရိုက် လယ်ယာလုပ်ငန်း၊ ဓာတ်မြေသြဇာ၊
မျိုးစေ့နှင့် လယ်ယာအခြေခံ
စက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး
ဂျပန်အခြေစိုက် MITSUI ကော်ပိုရေးရှင်းနှင့်လည်း အကျိုးတူ
ပူးပေါင်းထားကြောင်း သိရသည်။
ထို့ပြင် လုပ်ငန်းများကိုလည်း
ချဲ့ထွင်လျက်ရှိပြီး ယခုအသစ် ဆောက်လုပ်မည့် ဆန်စက်များအပြင် သီလ၀ါ
အထူးစီးပွားရေး ဇုန်အတွင်း ဆန်အတင်အချ ဆိပ်ကမ်းတစ်ခုကို တည်ဆောက်သွားမည်
ဖြစ်ပြီး တောင်သူလယ်သမား ဘဏ်ကိုလည်း တည်ထောင်ရန် စီစဉ်နေကြောင်း
သတင်းရရှိသည်။
ပုဂ္ဂလိက ကဏ္ဍမှ ယခုနှစ်ဆန်းပိုင်း ဖေဖော်ဝါရီလအထိ
ဆန်စက်သစ်ပေါင်း ၂၉၃ စက် တိုးချဲ့တည်ဆောက် နိုင်ခဲ့ပြီး အသစ်ဆောက်သည့်
ဆန်စက်များတွင် စူပါ ၅ နှင့် ရာခိုင်နှုန်း ၁၀၀ ကြိတ်ခွဲနိုင်သည့် စက်မှာ ၂၅
စက်သာ ပါဝင်ကြောင်း သိရသည်။
တစ်နိုင်ငံလုံးတွင် ၁၅ တန်နှင့်အထက်
စက် ၁၄၀၀ နီးပါး ရှိသော်လည်း တန်းမြင့် ဆန်ကြိတ်ခွဲစက် ၆၄ စက်သာ
ရှိသည့်အတွက် အရေအတွက် နည်းပါးနေဆဲ ဖြစ်သည်။ ဟာလာဆန် စက်ပေါင်း
တစ်သောင်းခွဲကျော်ရှိပြီး ၎င်းတို့၏ ကြိတ်အားမှာ ဆန်စက်ကြီးများ၏
နှစ်ဆခွဲနီးပါး ရှိကြောင်းလည်း သိရှိရသည်။
ထို့အတူ ပေါင်းဆန်ကို
ပြည်ပသို့ တိုးမြှင့်တင်ပို့ နိုင်သည့်အတွက် ယခုနှစ်အတွင်း ပေါင်းဆန်စက်
အလုံး ၃၀ ခန့် တိုးချဲ့တည်ဆောက် နေကြောင်း စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏
ပြောကြားချက်အရ သတင်းရရှိသည်။
ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး
နှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၆သန်းကျော် တင်ပို့ခဲ့ပြီး
အမေရိကန်ဒေါ်လာ သန်း ၆၀၀ နီးပါး ရရှိခဲ့ပြီး လက်ရှိတွင် ပြည်ပသို့
ဆန်တန်ချိန် ၂၂၀၀၀၀ ကျော် တင်ပို့ထားပြီး ဖြစ်ကြောင်း သိရသည်။
လက်ရှိပြည်တွင်း ဈေးကွက်အတွင်း ဆန်ဈေးနှုန်း မြင့်တက်နေခြင်းကြောင့်
ဈေးနှုန်း ထိန်းချုပ်ရန်နှင့် စားသုံးသူများ ၀န်ထုပ်ဝန်ပိုး
မဖြစ်စေရန်အတွက် နိုင်ငံတော် အရန်ဆန်နှင့် ပို့ကုန်လုပ်ငန်းရှင်များ
သိုလှောင်ထားသည့် ဆန်များကို ထုတ်ရောင်းပေးနေကြောင်း မြန်မာနိုင်ငံ ဆန်စပါး
ကုန်သည်များ အသင်းမှ သတင်းရရှိသည်။
Eleven Media Group
မြောင်းမြမြို့ရှိ တန် ၂၅၀ ဆန်စက်တစ်ခုမှ လည်ပတ်နေပုံကို တွေ့ရစဉ်
No comments:
Post a Comment