ရန်ကုန်တိုင်း
ဒေသကြီး၊ ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် အမှိုက်ပုံ မြေနေရာတွင်
လက်ရှိနေအိမ်များ ဖျက်သိမ်းပြောင်းရွှေ့ ပြီးပါက ပလတ်စတစ် အရည်ကျိုစက်ရုံ
တည်ဆောက်မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိပြီး စည်ပင်မှ ယင်းအမှိုက်ပုံဝင်းကို
ခြံစည်းရိုး ခတ်နေကြောင်း ဒေသခံများက ပြောကြားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်
သန့်ရှင်းရေး ဌာနသည် အဆိုပါ အမှိုက်ပုံအနီး နေထိုင်သူများကို သြဂုတ် ၃၀ ရက်
နောက်ဆုံးထား ဖျက်သိမ်းပြောင်းရွှေ့ ပေးရန် အကြောင်းကြားစာ ပို့ထားကြောင်း
ဒလမြို့နယ် စီမံရေးရာဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က ဆိုသည်။
''ကျွန်မတို့ကို သြဂုတ် ၂၅ ရက်မှာ မြို့တော်စည်ပင်က ဒုဌာနမှူး
ဗိုလ်ကြီးဦးခင်ဝင်းက ခေါ်တွေ့ပါတယ်။ ဒီနေရာကို ပြောင်းရွှေ့ပြီးရင် ပလတ်စတစ်
အရည်ကျိုစက်ရုံ ဆောက်မယ်လို့လည်း ပြောတယ်။ ဒီမြေဟာ ခင်ဗျားတို့
စိမ်းလန်းနဲ့ မဆိုင်ဘူး။ စည်ပင်နဲ့ပဲ ဆိုင်တယ်လို့ ပြောတယ်။ အဲဒါကြောင့်
နောက်လာမယ့် ၄ ရက်အတွင်း ပြောင်းရွှေ့ပေးပါလို့ ပြောပါတယ်'' ဟု အဆိုပါ
အမှိုက်ပုံ အနီးတွင် နေထိုင်သော ဒေါ်စန်းရီက ပြောကြားသည်။
သို့သော်
လက်ရှိနေထိုင်သူများက မိမိတို့သည် ၁၉၉၉ ခုနှစ်မှ စတင်ကာ ဒလမြို့နယ်
စိမ်းလန်းစိုပြည်ရေး အတွက် စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ရန်
ရောက်ရှိလာ သူများဖြစ်ပြီး စီမံကိန်း(စိမ်းလန်း) မြေကွက်များ
ဖြစ်ကြောင်းကို အထောက်အထား ခိုင်လုံစွာ ပြနိုင်ကြောင်း ဆိုပါသည်။
အဆိုပါ အမှိုက်ပုံ မြေနေရာတွင် ပလတ်စတစ် အရည်ကျိုစက်ရုံ တည်ဆောက်မည် ဟူသော
သတင်းအပေါ် ဒလမြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင်
ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ခံ ဦးကျော်ဟိုးသို့
ဆက်သွယ်မေးမြန်းခဲ့ရာ ''ကျွန်တော့်မှာ ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး
ပြောပိုင်ခွင့် မရှိပါဘူး။ သိလည်းမသိပါဘူး။ အထက်ဌာနက ညွှန်ကြားတာပဲ
သိရပါတယ်။ ဒီစီမံကိန်းကိုလည်း ဘာတွေဘယ်လို လုပ်မယ်ဆိုတာ မသိပါဘူး''
ဟုပြောကြားသည်။
ဒလမြို့နယ် စီမံရေးရာဌာနမှ
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က ''ဒီမြေနေရာဟာ စည်ပင်သာယာက
သတ်မှတ်ထားတဲ့ ဌာနပိုင်မြေပါ။ အမှိုက်ကန် စလုပ်ကတည်းက စည်ပင်ပိုင်မြေ
ဖြစ်သွားပါပြီ'' ဟု ပြောကြားခဲ့သည်။
Eleven Media Group
ပလတ်စတစ် အရည်ကျိုစက်ရုံ တည်ဆောက်မည်ဟု သတင်းများ ထွက်ပေါ်နေသော ဒလမြို့နယ်၊
ကျန်စစ်သား ရပ်ကွက်အနီးရှိ ဧရာမ အမှိုက်ပုံကြီးကို သြဂုတ် ၂၇ ရက်က တွေ့ရစဉ်
(ဓာတ်ပုံ-ဉာဏ်ဝင်းရှိန်)
No comments:
Post a Comment