မြို့ရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အကူအညီ ပေးရန်အတွက် အိမ်ရာ
စစ်တမ်းများနှင့် လူမှုစီးပွားရေး ဆိုင်ရာ အချက်အလက်များကို ဂျာမနီနိုင်ငံ၏
အကူအညီဖြင့် မြန်မာနိုင်ငံရှိ မြို့ ငါးမြို့တွင် စစ်တမ်း ကောက်ယူသွား မည်
ဖြစ်ကြောင်း မန္တလေး မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ
တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ကျော်လင်းက ပြောကြားသည်။
အဆိုပါ စစ်တမ်း ကောက်ယူမှုတွင် တောင်ကြီး၊ မော်လမြိုင်၊ ပြည်၊
စစ်ကိုင်းနှင့် မန္တလေးမြို့တို့ကို ဦးစားပေး ကောက်ယူမည် ဖြစ်ပြီး ယခုနှစ်
အတွင်း အပြီး ကောက်ယူနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက
ပြောကြားသည်။
“မြို့ပြ ဖွံ့ဖြိုးမှုအတွက် အမှန်တကယ်
လိုအပ်နေတာတွေကို သိနိုင်ဖို့ သုတေသန လုပ်တာပါ။ အဓိကက Town Plan
ပြန်ဆွဲဖို့၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ အကူအညီပေးနိုင်ဖို့
တိကျတဲ့ အချက်အလက် စုဆောင်းမှု မရှိသေးတဲ့အတွက် ဂျာမနီနိုင်ငံက အကူအညီနဲ့
အခုလို စစ်တမ်းကောက်ဖို့ ဖြစ်လာတာပါ။ ကျန်တဲ့ မြို့တွေကိုလည်း စစ်တမ်း
ကောက်မှာပေါ့။ မြို့တွေ အားလုံးကို စစ်တမ်း ကောက်ဖို့ကျတော့ အခက်အခဲတွေလည်း
ရှိတော့ ဒီမြို့ ငါးမြို့ကို အရင်ဆုံး ဦးစားပေး အနေနဲ့ လုပ်ဖြစ်တာပါ” ဟု
ဦးကျော်ကျော်လင်းက ဆိုသည်။
ယင်းကဲ့သို့ စစ်တမ်း ကောက်ယူရန်အတွက်
သြဂုတ် လကုန်ပိုင်းတွင် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့်
ဂျာမနီနိုင်ငံမှ ကိုလုံး တက္ကသိုလ် တို့ နေပြည်တော်တွင် ဆွေးနွေးပွဲ
ပြုလုပ်မည် ဖြစ်ပြီး စင်ကာပူနိုင်ငံတွင် ကျင့်သုံးနေသည့် အိမ်ရာစစ်တမ်း
စာရင်းများအတိုင်း အသုံးပြုနိုင်ရန် ရည်ရွယ် ထားကြောင်း ၎င်းက ရှင်းပြသည်။
စစ်တမ်း ကောက်ယူရာတွင် ပြည်သူများက အမှန်တကယ် တိတိကျ ကျ ဖြေဆိုပေးရန်နှင့်
မည်သည့် အတွက်ကြောင့် စစ်တမ်း ကောက် ယူသည်ကို သိရှိစေရန် မြို့နယ်
အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ကြိုတင်
အသိပညာပေးထား မည် ဖြစ်ကြောင်း ဦးကျော်ကျော်လင်းက ပြောကြားသည်။
“အိုးအိမ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အတိအကျ ရှိမှသာ ဘယ်နေရာမှာ ဘာတွေ
လိုအပ်တယ်ဆိုတာ သိပြီးမှ နိုင်ငံတကာ အကူအညီတွေကို ယူလို့ ရမှာပါ။
ဒါကြောင့်မို့ စစ်တမ်း ကောက်ယူတဲ့ အခါ ပြည်သူတွေအနေနဲ့ ဘာကိုမှ မကြောက်ဘဲ
မှန်မှန်ကန် ကန်လေး ဖြေပေးစေချင်တယ်” ဟု ၎င်းက ဆက်လက် ပြောဆို သည်။ အစမ်း
စစ်တမ်း ကောက်ယူမှုအဖြစ် သြဂုတ်လ ဒုတိယပတ်ခန့်က မန္တလေးမြို့တော်ရှိ ရပ်ကွက်
အချို့တွင် စစ်တမ်း ကောက်ယူခဲ့ကြောင်း အဆိုပါ ဌာနထံမှ ထပ်မံ သိရသည်။
“ပြီးခဲ့တဲ့ နှစ်ပတ်လောက်က အိမ်ကို အိုးအိမ်ဌာနက ဆိုပြီး စာရင်း လာကောက်တာ
ရှိတယ်။ ဒီလိုစာရင်း လာကောက်တာမျိုးကို ပထမဆုံး ကြုံဖူးတာဆိုတော့
ဘာကြောင့်လာမှန်းလည်း မသိတော့ အမှန်အတိုင်း မဖြေမိလိုက်ဘူး။ အိမ်မှာ အခန်း
သုံးခန်းရှိရင် နှစ်ခန်းပဲ ရှိတယ်လို့ ပြောလိုက်မိတယ်” ဟု
အောင်မြေသာစံမြို့နယ်တွင် နေထိုင်သူ အသက်၂၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးက
ဆိုသည်။
ရိုးရာလေး
No comments:
Post a Comment