ဟောလိဝုဒ်ရဲ့နာမည်ကျော် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မက်ခ်ဝဲလ်ဘတ်က
ဟောလိဝုဒ်ရဲ့ နာမည်ကျော်အက်ရှင် သရုပ်ဆောင်တွေဟာ မှန်ရှေ့မှာ အလှပြင်ရင်း
အချိန်ကုန်နေသူတွေ ဖြစ်တယ်လို့ ဝေဖန်လိုက်ကြောင်း contactmusic.com မှာ
ဖော်ပြထားပါတယ်။
မက်ခ်ဝဲလ်ဘတ်က
ဟောလိဝုဒ်ရဲ့ နာမည်ကျော် အက်ရှင်သရုပ်ဆောင် အများစုဟာ စွန့်စွန့်စားစား
ရိုက်ကူးရမယ့် ဇာတ်ဝင်ခန်းတွေမှာ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ပြဖို့ထက်
မှန်ရှေ့မှာ အလှပြင်ရင်း အချိန်ဖြုန်းဖို့သာ အားသန်တဲ့သူတွေ ဖြစ်တယ်လို့
ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ဟောလိဝုဒ် ရုပ်ရှင်လောကမှာ
ကြမ်းကြမ်းရမ်းရမ်း သရုပ်ဆောင်ပြပြီး နာမည်ကြီးနေတဲ့ အက်ရှင်သရုပ်ဆောင်
အများစုဟာ ပရိသတ်တွေ ထင်နေသလို ယောက်ျားပီပီသသ နေထိုင်တတ်သူတွေ မဟုတ်ဘဲ
အနုအရွသမားတွေသာ ဖြစ်တယ်လို့ မက်ခ်ဝဲလ်ဘတ်က ပြောကြားခဲ့ပါတယ်။
“အဲဒီလူတွေက မိတ်ကပ်ပြင်ရင် အချိန်တစ်နာရီလောက် ကြာပါတယ်။ ပြီးရင်လည်း
သူတို့ကိုယ်သူတို့ လှရဲ့လားလို့ တစ်နာရီလောက်ကြာအောင် မှန်ကြည့်
နေတတ်တဲ့သူတွေပါ” လို့ မက်ခ်ဝဲလ်ဘတ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ရုပ်ရှင်ထဲက ဇာတ်ကောင်စရိုက်နဲ့ ကွဲပြားပြီး အနုအရွသမား ဖြစ်နေတဲ့
အက်ရှင်သရုပ်ဆောင်တွေရဲ့ နာမည်ကိုတော့ မက်ခ်ဝဲလ်ဘတ်က
ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။
“သူတို့က တကယ်တော့
အကြမ်းပတမ်း ဒဏ်ခံနိုင်တဲ့သူတွေ မဟုတ်ကြပါဘူး။ တကယ့် အကြမ်းပတမ်းသမားတွေက
ထောင်ထဲမှာပဲ ရှိပါတယ်” လို့လည်း မက်ခ်ဝဲလ်ဘတ်က အင်တာဗျူးတစ်ခုမှာ
ပြောကြားခဲ့ပါသေးတယ်။
မက်ခ်ဝဲလ်ဘတ်ဟာ ဆယ်ကျော်သက် အရွယ်တုန်းက ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ ထောင်ဒဏ်ကျခံ ခဲ့ရဖူးပါတယ်။
The Voice Weekly
No comments:
Post a Comment