ကျောက်ဖြူမြို့တွင် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း အပါအ၀င် ကျောက်ဖြူအထူး
စီးပွားရေးဇုန်နှင့် ကျောက်ဖြူ-ကူမင်း မီးရထားလမ်း ဖောက်လုပ်မည့်
စီမံကိန်းများကို အခွင့်ကောင်းယူပြီး အိမ်ခြံမြေ စီးပွားရေး
လုပ်ငန်းရှင်များ ဈေးကစားမှုကြောင့် အိမ်ခြံမြေ ဈေးနှုန်းများ အဆမတန်
မြင့်မားလာကြောင်း ကျောက်ဖြူမြို့ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းလုပ်ကိုင်
သူများက ပြောကြားသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အိမ်ခြံမြေဈေးမှာ တရုတ်ရေနံနှင့်
သဘာဝဓာတ်ငွေ့ စီမံကိန်းစတင် အကောင်အထည်ဖော် ဆောင်ရွက်လာသည့် ၂၀၀၉ ခုနှစ်မှ
စတင်ပြီး ဈေးတက်လာခြင်းဖြစ်ရာ ယခုလက်ရှိတွင် ၁၀ ဆမက မြင့်တက်နေကြောင်း
ကျောက်ဖြူ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ ဦးထွန်းကျော်က
ပြောကြားသည်။
''၂၀၀၉-၂၀၁၀ ခုနှစ် ကျောက်ဖြူ အိမ်ခြံမြေဈေးက ၄၀ ထ
၆၀ မြေတစ်ကွက်ကို မြို့ပေါ်ရပ်ကွက် မှာဆိုရင် သိန်း ၅၀ ၊ သိန်း ၈၀ ၀န်းကျင်
လောက်သာရှိတာ။ အခုလက်ရှိ မှာတော့ သိန်း ၁၀၀၀၊ ၁၅၀၀ ၀န်းကျင်ထိ တောင်
ဈေးမြင့်နေပါတယ်။ ဒီလိုမြင့်မား လာရခြင်းရဲ့ အဓိကက အိမ်ခြံမြေ စီးပွားရေး
လုပ်ငန်းရှင်တွေ ဈေးကစား မှုကြောင့်ပါ။ သူတို့က အိမ်ခြံမြေတွေကို
လက်ဦးမှုရယူ ၀ယ်ယူပြီး တစ်ဆင့်ရောင်းချတာက ၀ယ်ရင်းဈေးထက် အဆ ၂၀ လောက်
ဈေးခေါ်ထားတာ။ အိမ်ခြံမြေ ရောင်းချမယ့် သူတွေလည်း သူတို့ဈေးအတိုင်း အဆမတန်
ကြောက်ခမန်းလိလိ ဈေးတွေကို ခေါ်ထားတော့ တကယ်ဝယ်မယ့် သူတွေက လက်ဖျားခါ
အောချသွားတယ်'' ဟု ဦးထွန်းကျော်က ဆက်လက် ပြောကြားသည်။
ကျောက်ဖြူမြို့ အိမ်ခြေမြေဈေးနှုန်း မြင့်တက်လာရခြင်း၏ အကြောင်းရင်း
တစ်ရပ်မှာ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း တည်ဆောက်ရန် အတွက် မြေနေရာများကို
အဆမတန် လျော်ကြေးများပေးပြီး ၀ယ်ယူခြင်းများကြောင့် ဆက်လက် အိမ်ခြံမြေ
ရောင်းချမည့်သူများ မှာလည်း အဆိုပါ ဈေးကိုယှဉ်ပြီး
ဈေးမြှင့်တင်လာခြင်းများ ဖြစ်ကြောင်းလည်း အရာရှိ ရပ်ကွက်မှ အိမ်ခြံမြေ
အကျိုးဆောင် လုပ်ကိုင်သူ ဦးလှရွှေက သုံးသပ်ပြောကြားသည်။
ကျောက်ဖြူ-ရန်ကုန် ကားလမ်း တိုက်ရိုက်ပေါက်လာပြီး နောက်ပိုင်း သဘာဝဓာတ်ငွေ့
စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လာရာ ကျောက်ဖြူမြို့မှာ
လွန်ခဲ့သည့် ဆယ်စုနှစ် အတိုင်းအတာထက် များစွာ ဖွံ့ဖြိုးတိုးတက်လာပြီး
ဆက်လက် အကောင်ထည်ဖော် ဆောင်ရွက်လာမည့် စက်မှုဇုန် စီမံကိန်းနှင့်
ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းများ တည်ဆောက်လာပါက လက်ရှိထက်
အဆပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာမည့် အခွင့်အရေးများကို
ပြည်တွင်းအိမ်ခြံမြေ စီးပွားရေး လုပ်ငန်းရှင် အချို့ကလည်း
ကျောက်ဖြူမြို့တွင် အိမ်ခြံမြေများကို ၀ယ်ယူပြီး ရင်းနှီးမြှုပ်နှံမှုများ
ရှိလာကြောင်းလည်း သိရသည်။
Eleven Media Group
ကျောက်ဖြူမြို့ရှိ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ဓာတ်ငွေ့တွန်း စက်ရုံအား တွေ့မြင်ရစဉ်
No comments:
Post a Comment