ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း တောင်ငူခရိုင် အုတ်တွင်း၊ ရေတာရှည်နှင့်
တောင်ငူမြို့တို့မှ မူဆယ်သို့ ငါးရှဥ့်များ တင်ပို့ရာတွင်
လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ငါးရှဥ့်များ အထိအခိုက်
အနာများလာသဖြင့် ကုန်သည်များဈေးချ ဝယ်ယူခြင်းကြောင့် ဇွန်လတွင်
ရရှိခဲ့သည့် ဈေးအောက် ထက်ဝက်ကျဆင်းခဲ့ကြောင်း တောင်ငူမြို့ ငါးရှဥ့် အဝယ်ဒိုင်ကြီးများထံမှ စုံစမ်းသိရှိရသည်။
ဇွန်လဆန်းတွင် မူဆယ်ဈေးကွက်တွင် ငါးရှဥ့်များကို တစ်ပိဿာလျှင် ၈၀၀၀
ဈေးခန့်ဖြင့် ဈေးကောင်းပေး ဝယ်ယူခဲ့သော်လည်း ဇူလိုင်လ နောက်ပိုင်းတွင်
ငါးရှဥ့်ဈေးတအိအိ ပြန်လည် ကျဆင်းခဲ့ပြီး သြဂုတ်လ ၈ ရက်နေ့ နံနက်တွင် ၄၀၀၀
ကျပ်အထိ ဈေးကျဆင်းခဲ့ကြောင်း တောင်ငူမြို့ခံ ငါးရှဥ့် အဝယ်ဒိုင်တစ်ဦးက
ပြောကြားသည်။
“ဇွန်လဆန်းက တစ်ပိဿာ ၈၀၀၀ ပေါက်ခဲ့တဲ့ငါးရှဥ့်ဈေးက
အရွယ်ပေါ်မူတည်ပြီး ဈေးအပြောင်းအလဲ ရှိပေမယ့် ဒီလောက်ကြီးကို
ကျသွားလိမ့်မယ် မျှော်လင့်မထားဘူး” ဟု ၎င်းကဆက်လက် ပြောကြားသည်။
မူဆယ် ၁၀၅ မိုင်ဂိတ် ငါးရှဥ့်လေလံစနစ်ကို ယခုနှစ်ငါးရှဥ့်ရာသီတွင် စတင်
ဖျက်သိမ်းခဲ့သည့် နောက်ပိုင်း ငါးရှဥ့် ရောင်းဝယ်မှုကို ကြိုက်ရောင်း
ကြိုက်ဝယ်စနစ်ဖြင့် ရောင်းချသဖြင့် ဈေးနှုန်း မြင့်မားခဲ့သော်လည်း မိုးရာသီ
ငါးရှဥ့်ပေါများချိန် ရောက်ရှိလာသဖြင့် ဈေးကွက်သို့ ငါးရှဥ့်များ
အလုံးအရင်း ဝင်ရောက်ခဲ့ရာ မူဆယ်ဈေးကွက်တွင်လည်း အဝယ်လျှော့ချ
လိုက်ခြင်းကြောင့် ဈေးကျဆင်းသွားခြင်း ဖြစ်ကြောင်း တောင်ငူဒေသခံ
ငါးရှဥ့်အဝယ်ဒိုင် အချို့က သုံးသပ်ပြောကြားသည်။
တောင်ငူခရိုင်
မြို့နယ်အချို့တွင် ငါးရှဥ့်ကို တစ်နှစ်ပတ်လုံး ဖမ်းယူရရှိနိုင်သော်လည်း
မိုးတွင်းကာလ ဇူလိုင်၊ သြဂုတ်လများတွင် ငါးရှဥ့်ပို၍ ထွက်ရှိသည့်အတွက်
တောင်ငူဈေးကွက်သို့ အုတ်တွင်း၊ ရေတာရှည်မြို့နယ်တို့မှ ငါးရှဥ့်
ပိုမိုဝင်ရောက်လေ့ရှိပြီး ငါးရှဥ့် အရွယ်အစားမှာလည်း အစိုးရ သတ်မှတ်ထားသည့်
စံချိန်စံညွှန်းကို ပြည့်မီကြောင်း တောင်ငူမြို့ စတီးလမ်းရှိ ထိပ်တန်း
ငါးရှဥ့်အဝယ်ဒိုင် ဒေါ်ဝင်းကြည်က ပြောဆိုသည်။
ငါးရှဥ့်ဈေးကျလျှင်
ငါးရှဥ့်ထောင်သူများ အနေနှင့် ဝင်ငွေနည်းပါးသည့်အတွက် ကျပန်းအလုပ်များ
လုပ်ကိုင်နေကြရသည့်အပြင် အရင်းအနှီး ထုတ်ပေးထားသည့် အကြွေးကို
ပြန်မဆပ်ခြင်းကြောင့် ကျေးရွာများသို့ လိုက်လံဝယ်ယူနေသူ
ငါးရှဥ့်ပွဲစားများအတွက် အထိနာကြောင်း အုတ်တွင်းမြို့နယ် သံဒိုင်ခင်ကျေးရွာ
နေထိုင်သူ အသက် ၄၈ နှစ်အရွယ် ငါးရှဥ့်ပွဲစားတစ်ဦးက ပြောကြားသည်။
ငါးရှဥ့်ရာသီချိန်တွင် တောင်ငူမြို့ အဝယ်ဒိုင်များသည် မူဆယ်မြို့မှတစ်ဆင့်
တရုတ်နိုင်ငံသို့ လူစီးယာဉ်ကြီးများ၊ ကုန်တင်ယာဉ်ကြီးများတွင်
ထင်းရှူးသေတ္တာများဖြင့် တစ်ရက်လျှင် ပိဿာချိန် ၆၀၀ မှ ၁၀၀ အကြား အဝင်အထွက်
ရှိကြောင်း တောင်ငူမြို့ ငါးရှဥ့်အဝယ်ဒိုင် ပိုင်ရှင်များထံမှ
စုံစမ်းသိရှိရသည်။
The Voice Weekly
No comments:
Post a Comment