ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်သူများ နားလည်သိရှိ
နိုင်ရေးအတွက် အဖွဲ့ချုပ် အနေဖြင့် အသိပညာပေးမှုများ ပြုလုပ်သွားမည်
ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ပြည်သူများ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား သေချာစွာ သိရှိနိုင်ခြင်း
မရှိသည့်အတွက် ပါတီဝင်များ အနေဖြင့် အသိပညာပေးမှုများ ပြုလုပ်နိုင်ရန်
အတွက် ဗဟိုကော်မတီမှလည်း လိုအပ်သလို ညွှန်ကြားချက်များ ထုတ်ပြန်သွားမည်
ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ပါတီဝင်များကို ပြောကြားသည်။
''ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့ ဒီဟာတွေကတော့ အားလုံးကနေပြီးတော့
အကြံပြုချက်တွေ ပေးနိုင်ပါတယ်။ ကျွန်မတို့ အနေနဲ့ အဖွဲ့ချုပ်ကနေပြီးတော့
ဒီဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပညာပေး အစီအစဉ်တွေပေါ့နော် လုပ်ဖို့
စီစဉ်နေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အများပြည်သူတွေကလည်း နားလည်ဖို့
လိုတယ်လေ။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ဘာပါတယ် ဆိုတာတောင်
တော်တော်များများက မသိဘူး။ ဖတ်ဖူးတဲ့လူက တော်တော်နည်းပါတယ်။ မဖတ်ဖူးတဲ့
ပြည်သူတွေကို အားလုံးဖတ်ရမယ်လို့ ပြောရဖို့ကလည်း ခက်ပါတယ်။ ဒီလောက်လည်း
ဖွဲ့စည်းပုံ အခြေခံဥပဒေက ကျယ်ကျယ်ပြန့်ပြန့် ဝေပေးနိုင်တာလည်း မဟုတ်ဘူး။
နောက်ပြီး အဲလိုဖတ်ရမယ်လို့ ပြောရအောင်လည်း ကျွန်မတို့ကနေပြီးတော့
လိုက်ပြီးတော့ ကြည့်ပြီးတော့ စိစစ်နိုင်မှာ မဟုတ်ဘူး။ အဲဒီတော့
တတ်နိုင်သမျှ အဖွဲ့ချုပ်ကနေပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့
ပတ်သက်ပြီးတော့ ပညာပေးတဲ့ အစီအစဉ်တွေ လုပ်ရမယ်။ အဲဒီတော့
ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ အဖွဲ့ချုပ်ကနေပြီးတော့ ဦးဆောင်ပြီး လုပ်ရမှာပါ။
အဖွဲ့ချုပ်ကနေပြီး ညွှန်ကြားချက်တွေလည်း လိုရင် လိုသလို ထုတ်ပြန်သွားမှာ
ဖြစ်ပါတယ်'' ဟု သြဂုတ် ၂၂ ရက်က လွှတ်တော်သို့ လာရောက်လေ့လာသော NLD
အဖွဲ့ဝင်များကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့အပြင်
အဖွဲ့ချုပ် အဖွဲ့ဝင်များ အနေဖြင့် မှန်မှန်ကန်ကန် လုပ်ဆောင်ရန်နှင့်
ဒီမိုကရေစီ အခြေခံသည့် လုပ်ပုံလုပ်နည်းများနှင့် ချိတ်ဆက်ပြီး
ဆောင်ရွက်သွားကြရန် ၎င်းက ပြောကြားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ
ပြင်ဆင်ရန် လေ့လာသုံးသပ်ရေး ကော်မတီတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ
လွှတ်တော် ကိုယ်စားလှယ် ခုနစ်ဦး ပါဝင်သည်။
Eleven Media Group
NLD ပါတီဝင်များအား လွှတ်တော်၌ တွေ့ဆုံအမှာစကား ပြောကြားနေသည့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်
No comments:
Post a Comment