မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လက်ခံ ကျင်းပမည့် (၂၇) ကြိမ်မြောက်
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမှတ်တံဆိပ် သုံးခွင့်ရရန် အတွက် ဒေါ်ဝင်း
အထည်ချုပ် ကုမ္ပဏီက SEA Games စပွန်ဆာ ရှာဖွေရေး ကုမ္ပဏီနှင့် သဘောတူလက်မှတ်
ရေးထိုးခဲ့ကြောင်း ယင်းကုမ္ပဏီ၏ ဥက္ကဋ္ဌ ဒေါ်ဝင်းယုသန်းက ပြောကြားသည်။
စပွန်ဆာ ရှာဖွေရေး ကုမ္ပဏီများဖြစ်သည့် Dentsu Sports Asia၊ JK Consulant
ကုမ္ပဏီနှင့် သြဂုတ်လ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့ PARK ROYAL ဟိုတယ်၌
လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်ပြီး ပလက်တီနမ် စပွန်ဆာ အဖြစ် အမေရိကန် ဒေါ်လာ
သုံးသိန်း ထောက်ပံ့ ကူညီခဲ့သည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။
“လက်မှတ်ထိုးမှလည်း ဆီးဂိမ်း အမှတ်တံဆိပ်ကို ကိုယ့်ကုန်ပစ္စည်းမှာ တရားဝင်
အသုံးပြုခွင့် ရမယ်။ ဒါက နိုင်ငံအတွက်လည်း ထောက်ပံ့ တာဖြစ်လို့
အကျိုးရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ဒေါ်ဝင်း အထည်ချုပ် ကုမ္ပဏီသည်
ပြည်တွင်း နာမည်ကျော် အမှတ်တံဆိပ် များ ဖြစ်သော Giorenzo နှင့် i-MAX
အမှတ်တံဆိပ်များကို ဖြန့်ဖြူးနေသော ကုမ္ပဏီ ဖြစ်သည်။
SEA Games
လိုဂိုနှင့် လက်ဆောင်အရုပ်များ သုံးခွင့် ရရှိသည့် ပြည်တွင်း ပြည်ပ
ကုမ္ပဏီများမှာ KBZ ဘဏ်၊ MAI လေကြောင်းလိုင်း၊ Air KBZ၊ မြန်မာ ဘရူဝါရီ
လီမိတက်၊ Panasonic ကုမ္ပဏီနှင့် Samsaung ကုမ္ပဏီများ ဖြစ်ပြီး ဒေါ်ဝင်း
အထည်ချုပ်သည် ခုနစ်ခုမြောက် စပွန်ဆာ ကုမ္ပဏီ ဖြစ်သည်။
SEA Games
အမှတ်တံဆိပ်နှင့် လက်ဆောင်အရုပ်များ သုံးစွဲမှု ပလက်တီနမ် စပွန်ဆာအတွက်
အမေရိကန် ဒေါ်လာ သုံးသိန်း၊ ရွှေ စာပွန်ဆာအတွက် အမေရိကန်ဒေါ်လာ နှစ်သိန်းနှင့်
ငွေစာပွန်ဆာ အတွက် အမေရိကန် ဒေါ်လာ တစ်သိန်းကို အစိုးရကို ပေးဆောင်ရမည်
ဖြစ်သည်။
စပွန်ဆာ မရရှိသည့် ကုမ္ပဏီများ သုံးစွဲပါက အရေးယူမည်
ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်း ၏
ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်း မီဒီယာများတွင် ဖော်ပြထား သည်။
The Voice Weekly
No comments:
Post a Comment