အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦးတွင် ဖြစ်နေသည့် ဦးနှောက်အကျိတ်ကို စင်ကာပူ အထွေထွေရောဂါကု
ဆေးရုံကြီးတွင် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ပြီး ခွဲစိတ်မှုကြောင့်
ဖြစ်လာနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများကို စစ်ဆေးခဲ့ရာ ဆိုးကျိုးများ
မရှိသည့်အတွက် စက်တင်ဘာ ၁၆ ရက်က ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း
သိရသည်။
ကိုဝင်းဇော်ဦးတွင် ဖြစ်နေသည့် ဦးနှောက်အကျိတ်ကို စက်တင်ဘာ
၃ ရက် နံနက်ပိုင်းက စင်ကာပူ အထွေထွေရောဂါကု ဆေးရုံကြီးတွင်
ခွဲစိတ်ကုသခဲ့ရာ ခွဲစိတ်မှုအားလုံး ရာနှုန်းပြည့်နီးပါး
အောင်မြင်ခဲ့ကြောင်းနှင့် လက်ရှိတွင် ဟော်မုန်းဓာတ် အပါအ၀င်
ဆီးချိုသွေးချို လက္ခဏာများ ရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး
ယခုလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လာရန် စီစဉ်ထားကြောင်း သိရသည်။
"လက်ရှိအခြေအနေကတော့ အားလုံးကောင်းပါတယ်။ ခွဲစိတ်မှုလည်း အောင်မြင်ပြီး
ဘေးထွက်ဆိုးကျိုးလည်း ဘာမှမရှိပါဘူး။ ခွဲစိတ်မှု လုပ်လိုက်တဲ့အတွက်
ကြီးထွားမှု ဟော်မုန်းတွေလည်း လျော့သွားပါပြီ။ အခြားခန္ဓာကိုယ်မှာ
လိုအပ်နေတဲ့ ဆေးတွေပဲ ဆက်စားသွားရ တော့မှာပါ" ဟု ကိုဝင်းဇော်ဦး၏ ကျန်းမာရေး
စစ်ဆေးမှုများတွင် တာဝန်ယူ လုပ်ဆောင်ပေးနေသည့် ဒေါက်တာခင်လေးရီက ဆိုသည်။
ကိုဝင်းဇော်ဦးကို ခွဲစိတ်မကုသမီ ကျန်းမာရေး စစ်ဆေးမှုများအရ ပီကျူထရီ
(Pituitary Gland) တွင် အကျိတ်ရှိမနေဘဲ ပီကျူထရီ၏ အထက်ပိုင်း ဦးနှောက်နှင့်
ကပ်လျက်ရှိ ဟိုက်ပိုသားလမတ်(စ်) (Hypothalamus) တွင် ရှိနေသည်ဟု
စစ်ဆေးတွေ့ရှိ ခဲ့သော်လည်း ခွဲစိတ်နေစဉ်အတွင်း ဟိုက်ပိုသားလမတ်(စ်)
(Hypothalamus) တွင် ရှိနေသည့် အကျိတ်သာမက ပီကျူထရီတွင်ပါ
ကင်ဆာဖြစ်နေသည်ကို တွေ့ရှိခဲ့ကြောင်းနှင့် ဟိုက်ပိုသားလမတ်(စ်)တွင်
ရှိနေသည့် အကျိတ်ကိုသာမက ပီကျူထရီကိုပါ တစ်ပါတည်း ခွဲထုတ်ခဲ့ကြောင်း
သိရသည်။
ခွဲစိတ်မှုကို စင်ကာပူ အထွေထွေရောဂါကု ဆေးရုံကြီးမှ
ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့်
ဆေးပညာအဖွဲ့မှ လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှု ကြာမြင့်ချိန် ၈
နာရီခန့် ကြာခဲ့ကြောင်းနှင့် အဆိုပါ ခွဲစိတ်ကုသမှုသည် စင်ကာပူ
အထွေထွေရောဂါကု ဆေးရုံကြီးအတွက် ထူးခြားသည့် ခွဲစိတ်ကုသမှု တစ်ခုဖြစ်ကြောင်း
သိရသည်။
eleven media group
No comments:
Post a Comment