ပြင်မလား၊ အသစ်ဆွဲမလား အငြင်းအခုံအကြား အခြေခံဥပဒေပြင်ရေး ခြေလှမ်းများ ပိုစိပ်လာပြီ ဖြစ်သည်။
မြန်မာ့ အသွင်ကူးပြောင်းရေးတွင် အခြေခံဥပဒေပြင်ရေးက “အသက်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုထားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က
မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ အကောင် အထည်ပေါ်လာရန်
အခြေခံဥပဒေ ပြင်ဆင် ရေးကို အမြန်ဆုံး လုပ်ဆောင်ရမည်ဖြစ်ကြောင်း
ချက်သမ္မတနိုင်ငံတွင် ပြုလုပ်သည့် Forum 2000 အခမ်းအနားအပြီး နိုင်ငံတကာ
သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ထပ်မံပြောကြားသည်။
"တိုင်းရင်းသား ပြဿနာကို ဖြေရှင်းရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်
မလုံလောက်ကြောင်း" ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ သတိပေးလိုက်သည်ဟု နိုင်ငံတကာ
သတင်းစာမျက်နှာများက ဝိုင်းဝန်း ဖော်ပြကြသည်။
ဖွဲ့စည်းပုံ
အခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီသာမက
တိုင်းရင်းသားပါတီများက နည်းလမ်းအမျိုးမျိုး ဖြင့် ကြိုးပမ်းနေလျက်
ရှိသည်။
ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေး လွှတ်တော်တွင်း လေ့လာမှုများ
ပြုလုပ်နိုင်ရန် ပြည်ထောင်စုလွှတ်တော်က ဇူလိုင်လ နောက်ဆုံးပတ်တွင် “၂၀၀၈
ခုနှစ် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ” ကို ဖွဲ့စည်းခဲ့သည်။
တိုင်းရင်းသားများနှင့် အတိုက်အခံ ပါတီ အသီးသီးက ပြင်ဆင်လိုသော
အခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် လွှတ်တော်တွင်း အမတ်နေရာအများဆုံး
ရရှိထားပြီး တပ်မတော် ခေါင်းဆောင်ဟောင်းများ ကျောထောက်နောက်ခံ ပြုကာ
တည်ထောင်ထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက
“မပြမဖြစ် မီးစိမ်း” ပြလိုက်ခြင်း ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ
အချို့က ဝိဂြိုဟ်ပြုသည်။
တိုင်းရင်းသားလက်နက်ကိုင်
တပ်ဖွဲ့အချို့နှင့် နိုင်ငံရေးပါတီ အချို့ကမူ ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေကို အသစ်ပြန်ရေး ရမည်ဟု ပြောဆိုကြသည်။
သို့သော်တပ်မတော်က
ရေးဆွဲထားသော အခြေခံဥပဒေ အသစ်ပြန်လည် ရေးဆွဲရေး လမ်းကြောင်းမှာ လွယ်ကူမည်
မဟုတ်သောကြောင့် လွှတ်တော်တွင်း ပြင်ဆင်ရေးလမ်းကြောင်း ကိုသာ ရွေးချယ်
သင့်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ အချို့ သုံးသပ်ကြသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းနိုင်မည့် အခြေခံဥပဒေ
ကိုရေးဆွဲရန် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက
အမျိုးသား ညီလာခံကို ၁၉၉၅ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ဆယ်နှစ်ကြာ ခေါ်ယူခဲ့ပြီး
၂၀၀၈ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည့်အခြေခံ ဥပဒေ တစ်ရပ်
ထွက်ပေါ်ခဲ့သည်။
အမျိုးသားညီလာခံ ကျင်းပစဉ်အတွင်း
နိုင်ငံရေးပါတီများမှ ညီလာခံ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ညီလာခံ
ကိုယ်စားလှယ်များကို ဖမ်းဆီးခြင်း ထိန်းသိမ်းခြင်း ညီလာခံအတွင်း လွတ်လပ်စွာ
ဆွေးနွေးခွင့် မရခြင်း၊ တပ်မတော်က လိုလားသည့် အချက်အလက်များကို
တိုင်းရင်းသား အဖွဲ့အစည်း များ၏ သဘောတူညီချက်မရဘဲ တစ်ဖက်သတ် ရေးဆွဲခဲ့သည်
ဟုဆိုကာ ပြည်တွင်းပြည်ပ အဖွဲ့အစည်း အသီးသီးက ကန့်ကွက်ခဲ့ကြသည်။
ယင်းသို့ ကန့်ကွက်ခဲ့သော်လည်း တပ်မတော်ကရေးဆွဲသည့် အခြေခံဥပဒေ ကို ၂၀၀၈
ခုနှစ် မေလ ၁၀ ရက်နေ့တွင် တစ်နိုင်ငံလုံး ထောက်ခံသူ ၉၂ ဒသမ ၄ ရာခိုင်နှုန်း
ရှိသည်ဟုဆိုကာ တပ်မတော် အစိုးရက အတည်ပြုလိုက်သည်။
အဆိုပါ
အခြေခံဥပဒေကို အခြေခံကာ ကျင်းပသည့် ၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင်
တပ်မတော်ခေါင်းဆောင်ဟောင်း များကို ကျောထောက်နောက်ခံ ပြုကာ ဖွဲ့စည်းထားသည့်
ကြံ့ခိုင်ရေးပါတီက မဲအများစု အနိုင်ရကာ သမ္မတနှင့်အစိုးအဖွဲ့ကို
ရွေးချယ်တင်မြှောက် နိုင်ခဲ့ပြီး အစိုးရသစ်နှင့် လွှတ်တော်နှစ်ရပ်၏
ပြုပြင်ပြောင်းလဲမှု များကြောင့် အဆိုပါ အခြေခံဥပဒေကို ပြင်ဆင်ရန် ၂၀၁၃
ခုနှစ်တွင် လမ်းစ ပေါ်လာသည်။
"တိုင်းရင်းသား ပြန်လည်သင့်မြတ်ရေး
အတွက် အခြေခံဥပဒေရဲ့ ပြည်နယ်တွေ အပေါ် အာဏာခွဲမှုအပိုင်းကို အရင်ပြင်ဖို့
ကြိုးစားသွားမယ်" ဟု ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ နှင့် ပြည်ထောင်စုလွှတ်တော် နာယက
အဖြစ် တာဝန်ထမ်းဆောင်နေသူ သူရဦးရွှေမန်းက သြဂုတ်လ ဆန်းပိုင်းတွင်
တောင်ကြီးမြို့ တွေ့ဆုံပွဲတစ်ခု၌ ပြောကြားသွားခဲ့သည်။
အခြေခံဥပဒေ
လေ့လာသုံးသပ်ရေး ကော်မတီတွင် ပါဝင်သော တိုင်းရင်းသား ပါတီများ ကလည်း
လွှတ်တော်နားသည့် ရက်ပိုင်းအတွင်း အခြေခံဥပဒေ ပြင်ဆင်ရေး အတွက်
ဆွေးနွေးမှုများ အသီးသီးကျင်းပလျက် ရှိသည်။
ရှမ်းပြည်နယ်၊
တောင်ကြီးမြို့၌ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ပြုလုပ်သော
အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲတွင် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ချက် ၁၀၀
ကျော် ပြင်ဆင်ထားပြီး တိုင်းရင်းသား တန်းတူအခွင့်အရေးနှင့်
ဖက်ဒရယ်ပြည်ထောင်စု စနစ်သို့ ဦးတည် ပြင်ဆင်ထားကြောင်း ယင်းပါတီ၏
ကြေညာချက်အရ သိရှိရသည်။
SNDP ပါတီက ပြင်ဆင်ထားသော အခြေခံဥပဒေ
ပြင်ဆင်ချက်များတွင် တိုင်းရင်းသားတန်းတူ အခွင့်အရေးအတွက် အခြေခံဥပဒေ
ဇယားနှစ် စာမျက်နှာ ၁၈၈ ပြည်နယ်များ၏ ဥပဒေပြုခွင့်၊ ဘဏ္ဍာငွေခွဲဝေရေး
ကိစ္စများနှင့် တိုင်းရင်းသားများ တပ်မတော်တွင် တန်းတူတာဝန်ထမ်းဆောင်
ခွင့်ရရန် စစ်မှုမထမ်းမနေမရဟူသော အချက်ကိုလည်း ဖြည့်စွက်ထားကြောင်း
ပါတီတာဝန်ရှိသူများက ဆိုသည်။
"အခြေခံဥပဒေ ပြင်ဆင်ဖို့ပဲ အရင်လုပ်ရမယ်။
အသစ်ပြန်ရေးဖို့ မဖြစ်နိုင်ခင် ဖွင့်ထားတဲ့ လမ်းကြောင်းနဲ့ အရင်စတာပါ" ဟု
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ အတွင်းရေးမှူး ဦးစိုင်းလှကျော်က
ပြောသည်။
အဆိုပါ ပြင်ဆင်ချက်များကို ရှမ်းတိုင်းရင်းသားများ
ဒီမိုကရက်တစ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် များမှ တစ်ဆင့် အခြေခံဥပဒေ
လေ့လာသုံးသပ်ရေး ကော်မတီသို့ ပေးပို့သွားမည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် အခြေခံဥပဒေ ပြင်ဆင်မည် ဟုဆိုကာ မဲဆွယ်ခဲ့သော
အမျိုးသားဒီမိုကရေဒီ အဖွဲ့ချုပ် (NLD) ပါတီက သြဂုတ် ၆ ရက်နေ့တွင်
အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီကို ရှေ့နေခြောက်ဦးဖြင့် ဖွဲ့စည်းထားသည်။
ယင်းကော်မတီက စက်တင်ဘာလကုန် ပိုင်းတွင် တိုင်းရင်းသားခေါင်းဆောင် များနှင့်
ဆွေးနွေးပြီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခိုင်မာသည့် သဘောထားတစ်ရပ်
ထုတ်ပြန်ရန် ရှိကြောင်းလည်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။
ဒုတိယအကြိမ် ဥရောပခရီးစဉ် မသွားမီကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့်
တိုင်းရင်းသားခေါင်းဆောင် များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ
ကိစ္စများကို ဆွေးနွေးခဲ့ကြပြီး NLD ပါတီ ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြင်ဆင်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။
NLD ၏ ငွေရတုနှစ်ပတ်လည်နေ့
ဖြစ်သည့် စက်တင်ဘာလ ၂၇ ရက်နေ့တွင် NLD ပါတီက ပြင်ဆင်ထားသော အခြေခံဥပဒေ
ပြင်ဆင်ချက် ထွက်ရှိနိုင်ကြောင်း ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက
ဆိုထားသည်။
လွှတ်တော်တွင်း အမတ်နေရာ အများဆုံး ရရှိထားသည့် ပြည်ထောင်စု
ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ကလည်း "ပါတီက အခြေခံဥပဒေ ပြင်ဆင်မယ့်
အပိုင်းတွေ လေ့လာနေတယ်။ ပြင်ဆင်မယ်ဆိုရင် ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်ကို
ပြင်တာ ဖြစ်နိုင်တယ်။ ဒါက အပြုသဘောဆောင် လုပ်တာပါ" ဟု ကြံ့ခိုင်ရေးပါတီ
ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ဆိုသည်။
အခြေခံ ဥပဒေပြင်ဆင်ရေး အတွက်
တိုင်းရင်းသားပါတီငါးခု ပူးပေါင်းထားသော တိုင်းရင်းသားပါတီများ
မဟာမိတ်အဖွဲ့ UNA နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ
UNFC နှင့် ပူးပေါင်းပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း UNA နာယက
ဦးအေးသာအောင်က ဆိုသည်။
၎င်းတို့၏ ပြင်ဆင်ချက်များကိုမူ
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ကျင်းပရန်
စီစဉ်နေသည့် တိုင်းရင်းသားလက်နက်ကိုင် များနှင့် အစိုးရတို့၏ နိုင်ငံရေး
ဆွေးနွေးပွဲတွင် တင်သွင်းမည်ဟု ဆိုသည်။
ယင်းသို့အခြေခံဥပဒေကို
ယခုလအတွင်း ကြိုတင်ပြင်ဆင်မှုများ စိပ်လာသည့် အပြင် လွှတ်တော်က
ဖွဲ့စည်းထားသည့် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ အစည်းအဝေးကို
စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပထမဆုံးအကြိမ် ကျင်းပမည်ဟု လွှတ်တော်ကိုယ်စားလှယ်
အချို့က ဆိုသည်။
တိုင်းရင်းသားများနှင့် အတိုက်ခံပါတီများ တောင်းဆိုနေသော ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ အခြေခံဥပဒေ ပြင်ဆင်ရန် အဆင်သင့် ဖြစ်ပြီလော။
လူထုထောက်ခံမှု အများဆုံး ရရှိထားသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD
ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတအဖြစ်
ဝင်ရောက်ယှဉ်ပြိုင်လိုကြောင်း၊ ၄င်းသမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန်
အခြေခံဥပဒေ ပြင်ဆင်ပေးရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ၌ ကျင်းပသည့်
ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် တရားဝင် ထုတ်ဖော်ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၃) သမ္မတအရည်အချင်းဆိုင်ရာ အခန်းတွင် ပါရှိသည့်
နိုင်ငံတော်သမ္မတ၏ ဇနီး (သို့မဟုတ်) ခင်ပွန်းသည် လည်းကောင်း၊ တရားဝင်
သားသမီးသည် လည်းကောင်း၊ အဆိုပါ သားသမီး၏ ဇနီး(သို့မဟုတ်)ခင်ပွန်းသည်
လည်းကောင်း နိုင်ငံခြားအစိုးရ၏ သြဇာခံ မဖြစ်စေရဟု ဖော်ပြထားသောကြောင့်
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် သမ္မတဖြစ်ရန် အတားအဆီး ဖြစ်နေသည်။
ဒေါ်အောင်ဆန်းစုကြည် ကလည်း မိမိ သမ္မတဝင်ပြိုင်ရန် အခြေခံဥပဒေ
ပြင်ပေးရမည့်အပြင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး နှင့် ခိုင်မာသော
ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရန် အတွက် အခြေခံဥပဒေ ပြင်ဆင်ရမည်ဟု
ပြောဆိုထားသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးများ လုပ်ပိုင်ခွင့်
ပိုမိုရရှိစေရန် အခြေခံဥပဒေ ပြင်ဆင်ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ
ပြည်နယ်နှင့်တိုင်း ဒေသကြီး ဥပဒေပြုရေးဆိုင်ရာအခန်း စာမျက်နှာ ၁၈၈ ဇယား ၂
ကို ပြင်ဆင်သွားမည် ဖြစ်ကြောင်း သူရဦးရွှေမန်းက ဆိုထားသည်။
"အခြေခံဥပဒေကို အသစ်ပြန် ရေးဖို့က မဖြစ်နိုင်ဘူး။ တိုင်းရင်းသားတွေ အာဏာ
ခွဲဝေမှုအတွက် ပြင်ဆင်တာက သဘာဝကျတယ်" ဟု ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ
ဦးဌေးဦးကဆိုသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင်လည်း ဇယား ၁
နှင့် ၂ ပါ ကိစ္စရပ်များ ပြင်ဆင်ရေး စတင်ဆွေးနွေးလျက် ရှိပြီး
တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကမူ အထက်ပါ ကိစ္စရပ်များ ဆွေးနွေးရန်
အစည်းအဝေးကို စက်တင်ဘာ ၂၅ ရက်နေ့ တွင် ကျင်းပမည် ဖြစ်သောကြောင့် တက်ရောက်
ဆွေးနွေးလိုသူများကို ဖိတ်ခေါ်ထားသည်။ မတက်ရောက်နိုင်သူများ အနေနှင့်လည်း
အီးမေးလ်မှတစ်ဆင့် ပေးပို့ ဆွေးနွေးနိုင်ကြောင်း တိုင်းဒေသကြီးလွှတ်တော်၏
Facebook စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
ကြံ့ခိုင်ရေးပါတီနှင့်
လွှတ်တော်က ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ဥပဒေပြုခွင့် အာဏာနှင့် ပတ်သက်၍
စပြင်ရန် ဆိုနေသော်လည်း လွှတ်တော်တွင်း ဖွဲ့စည်းထားသော ဖွဲ့စည်းပုံ
အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၏ လုပ်ငန်းစဉ်များ မချမှတ်ရသေးကြောင်း
အဆိုပါ ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်က
ဆိုသည်။
"ဒီလ နောက်ဆုံးပတ်မှာ ကော်မတီ အစည်းအဝေး လုပ်မယ်။ အဓိက ကတော့
ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်နေတဲ့ ဥပဒေပုဒ်မ တွေကို လေ့လာမှာပါ" ဟု
၎င်းကဆိုသည်။
သို့သော် လက်ရှိအခြေခံ ဥပဒေအရ လွှတ်တော်များတွင်
တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနှင့် လွှတ်တော်တွင်း ကိုယ်စားလှယ်
အများဆုံး အနိုင်ရထားသော ကြံ့ခိုင်ရေးပါတီတို့က ထောက်ခံမှု ရမှသာ
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်မည်ဖြစ်သည်။
လက်ရှိတွင်မူ
ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရန် လမ်းကြောင်းနှင့် အသစ်ပြန်ရေးရန်
လမ်းကြောင်း နှစ်ခုတို့နှင့် ပတ်သက်ပြီး နိုင်ငံရေးအသိုင်းအဝိုင်းကြား
အငြင်းအခုံများ ဖြစ်ပွားနေပြီး လေ့လာသုံးသပ်သူ အချို့က အသစ်ပြန်လည်
ရေးဆွဲပါက တပ်မတော်က အာဏာပြန်သိမ်း သည်အထိ ဖြစ်နိုင်ကြောင်း
သုံးသပ်နေကြသည်။
ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်များ ကမူ
တိုင်းရင်းသားပြဿနာ ဖြေရှင်းရေး အတွက် အာဏာခွဲဝေမှုပိုင်းကို ပြင်ဆင်မည်
ဖြစ်ကြောင်း ပြောဆိုထားကြသည်။
"တိုင်းရင်းသားဒေသတွေရဲ့
အာဏာခွဲဝေမှု အပိုင်းကို ပြင်ဆင်သွားမယ်" ဟု ပြည်ထောင်စုလွှတ်တော် နာယကနှင့်
ပါတီဥက္ကဋ္ဌလည်းဖြစ်သူ သူရဦးရွှေမန်းက တောင်ကြီးမြို့တွင် ကျင်းပသည့် လူထု
တွေ့ဆုံပွဲတွင် ပြောကြားထားသည်။
------------------------------------------
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာပုံ
၁၉၉၅ ဇူလိုင်
အခြေခံ ဥပဒေရေးဆွဲရေး အတွက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ) အမျိုးသားညီလာခံ ခေါ်ယူ
၁၉၉၇
အမျိုးသားညီလာခံတွင် တင်ပြသည့်အချက်များ လွတ်လပ်စွာ ဆွေးနွေးခွင့်မရ
ဟုဆိုကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် မဟာမိတ်
တိုင်းရင်းသားပါတီအချို့ အမျိုးသားညီလာခံမှ နုတ်ထွက်
၂၀၀၅
အခြေခံဥပဒေကို ရေးဆွဲရေးအတွက် အမျိုးသားညီလာခံ ပြန်လည်ခေါ်ယူ၊ အခြေခံဥပဒေ မူကြမ်းကို အပြီးသတ်ရေးဆွဲ၊
၂၀၀၈
မေ ၁၀ - နာဂစ် မုန်တိုင်းသင့် ဧရိယာမှလွဲ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို အတည်ပြုရန် လူထုဆန္ဒခံယူပွဲ ပြုလုပ်၊
မေ၂၉ - ဖွဲ့စည်းပုံ အခြေခံဥပဒေကို မြန်မာတစ်နိုင်ငံလုံး မဲပေးခွင့်ရှိသူ၏ ၉၂ ဒသမ ၄ ရာခိုင်နှုန်းက ထောက်ခံကြောင်း ထုတ်ပြန်
၂၀၁၀ နိုဝင်ဘာ
၂၀၁၀ ပါတီစုံ ရွေးကောက်ပွဲကျင်းပ၊
၂၀၁၁ဇန်နဝါရီ
လွှတ်တော် စတင်ခေါ်ယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်အသက်ဝင်
The Voice Weekly
No comments:
Post a Comment