အမေရိကန် အလှမယ် ရွေးချယ်ပြိုင်ပွဲတွင် နယူးယော့ခ်ပြည်နယ် ကိုယ်စားပြု နီနာဒါဗူလူရီက ဗိုလ်စွဲနိုင်ခဲ့ကြောင်း သိရှိရသည်။
အသက်(၂၄)နှစ်ရှိ နီနာသည် အမေရိကန် အလှမယ်ရွေးပွဲတွင် ပထမဆုံးအကြိမ်
ဗိုလ်စွဲသည့် အိန္ဒိယနွယ်ဖွား ဖြစ်သည်။ သူမသည် နယူးယော့ခ်ကို
ကိုယ်စားပြုသည့် အလှမယ်များ (၂)နှစ်ဆက် ဗိုလ်စွဲစေသူလည်း ဖြစ်လာသည်။
တနင်္ဂနွေနေ့က အတ္တလန္တိတ် စီးတီးတွင် ကျင်းပပြုလုပ်သော ပြိုင်ပွဲကို
ရုပ်မြင်သံကြား ဌာနအများအပြားက တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့သည်။ နီနာသည်
ယမန်နှစ် အလှမယ်ဆုရှင်ဖြစ်သူ နယူးယော့ခ်ပြည်နယ် ကိုယ်စားပြု
မာလိုရီဟာဂန်ထံမှ သရဖူကို
အောင်မြင်စွာ လက်လွှဲယူနိုင်ခဲ့သည်။
အမေရိကန် အလှမယ် ရွေးချယ်ပွဲကို လာ့စ်ဗီးဂက်စ်သို့ ပြောင်းရွှေ့ပြီး
(၆)နှစ်ကြာ ကျင်းပခဲ့ရာမှ ယခုနှစ်တွင် အတ္တလန္တိတ် စီးတီးတွင် ပြန်လည်
ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ နီနာသည် တစ်ဦးချင်း စွမ်းရည်ပြသ ယှဉ်ပြိုင်မှုတွင်
အိန္ဒိယ ဘောလီးဝုဒ်ဟန် ပေါင်းစပ်သော အကဖြင့် ဖျော်ဖြေခဲ့သည်။
ယခုပြိုင်ပွဲတွင် ပြည်နယ်အသီးသီးမှ ကိုယ်စားပြု အလှမယ် (၅၃)ဦး
ပါဝင်ခဲ့ကြသည်။ အမေရိကန်၏ ပြည်နယ်(၅၀)အပြင် ကိုလံဘီယာခရိုင်၊
ပွာတိုရီကိုနှင့် အမေရိကန် ဗာဂျင်အိုင်းလန်းတို့မှ ကိုယ်စားပြု
အလှမယ်များလည်း အသီးသီး ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
အတ္တလန္တိတ်
စီးတီးတွင် ပြိုင်ပွဲကျင်းပဖြစ်ခြင်းနှင့် ပတ်သက်ပြီး ပြိုင်ပွဲကျင်းပရေး
ကော်မတီ အမှုဆောင်ချုပ် ဆမ်ဟက်စ်ကဲလ်က "ကျွန်တော်တို့ ပိုင်ဆိုင်သင့်တဲ့
အရာပါပဲ။ ဒါဟာ အမေရိကန်မယ် ရွေးချယ်
ပွဲရဲ့ အိမ်လို့ဆိုရင်လည်း
မမှားပါဘူး။ ကျွန်တော်တို့ ပြိုင်ပွဲဟာ ဒီမှာပဲ အခြေချသင့်ပါတယ်"ဟု
ပြောကြားခဲ့သည်။ ယခုပြိုင်ပွဲတွင် ဒုတိယဆုကို ကယ်လီဖိုးနီးယား ကိုယ်စားပြု
ခရစ္စတယ်လီ၊ တတိယဆုကို အိုကလာ
ဟိုးမား ကိုယ်စားပြု ကဲလ်ဆီဂရစ်ဝိုးလ်တို့က အသီးသီး ရရှိခဲ့ကြောင်းလည်း သိရှိရသည်။
Planet Myanmar Network
No comments:
Post a Comment