ထိုင်းနိုင်ငံအတွင်း ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအတွက် ယာယီနိုင်ငံကူး
လက်မှတ်ထုတ်ပေးရေး စခန်းငါးခုကို စက်တင်ဘာလ တတိယအပတ်အတွင်း
ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး
ဝန်ကြီးဌာနမှ သိရသည်။
ထိုင်းနိုင်ငံအတွင်း ဖွင့်လှစ်မည့်
ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး စခန်းငါးခုကို မြန်မာရွှေ့ပြောင်း
အလုပ်သမား အများဆုံး နေထိုင်သည့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊
စမူစခွန်(မဟာချိုင်)၊ ဆူရတ်ဌာနီ၊ ချင်းမိုင်၊ ရနောင်းတို့တွင်
ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
"ယာယီနိုင်ငံကူးလက်မှတ်
ထုတ်ပေးရေး စခန်းငါးခုမှာ တာဝန်ထမ်းဆောင်ဖို့ အဖွဲ့ငါးဖွဲ့ဟာ စက်တင်ဘာ ၁၄
ရက်ကပဲ ထိုင်းနိုင်ငံကို ထွက်ခွာသွားပါပြီ။ ယခုအပတ် အတွင်းမှာပဲ တရားမ၀င်
အလုပ်သမားတွေအတွက် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး လုပ်ငန်းတွေ
စတင်တော့မှာပါ" ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ
တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
မြန်မာအစိုးရ အနေဖြင့်
ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်း
အလုပ်သမားများ နိုင်ငံကူးလက်မှတ်တွင် အ၀င်အထွက်ပြရုံဖြင့်
ထိုင်းနိုင်ငံတွင် ဆက်လက်အလုပ် လုပ်ကိုင်ခွင့် ရရှိရန် မကြာသေးမီက
ထိုင်းအစိုးရနှင့် သဘောတူညီမှု ရရှိခဲ့ပြီး ဗီဇာသက်တမ်း ကုန်ဆုံးနေသည့်
အလုပ်သမားများအား မဖမ်းဆီးရေး၊ ဗီဇာသက်တမ်း ကုန်ဆုံးမှုအတွက်
ဒဏ်ကြေးကောက်ခံရေးတို့အတွက် အကူအညီပေးရန် ထိုင်းအလုပ်သမား ၀န်ကြီးဌာနထံသို့
တောင်းဆိုခဲ့ကြောင်း သိရသည်။
ဗီဇာသက်တမ်း ကုန်ဆုံးနေပြီဖြစ်သည့်
မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် မြန်မာနိုင်ငံတွင်
သုံးနှစ်ပြန်လည် နေထိုင်ပြီးမှသာ ဆက်လက်လုပ်ကိုင်ခွင့် ရမည့်အစား
တစ်လသာပြန်လည် နေထိုင်ရန်အတွက် ထိုင်းအလုပ်သမား ၀န်ကြီးဌာနနှင့် ကနဦး
သဘောတူညီမှု ရရှိခဲ့သော်လည်း စက်တင်ဘာလအတွင်း ထပ်မံသွားရောက်
ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရာ၌ ယခုကဲ့သို့ မြန်မာနိုင်ငံသို့
ရက်အကန့်အသတ်မရှိ ပြန်လည်နေထိုင်၍ ထိုင်းနိုင်ငံတွင်
ဆက်လက်လုပ်ကိုင်ခွင့်ရရန် သဘောတူညီချက် ရရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေပြီး ဗီဇာသက်တမ်း ကုန်ဆုံးနေသည့်
အလုပ်သမား ၁၀၀၀ ကျော်ရှိပြီး ဗီဇာသက်တမ်း ကုန်ဆုံးမှုကြောင့် တရားမ၀င်
အလုပ်သမားများ အဖြစ်သို့ ရောက်ရှိကာ လုပ်ငန်းခွင် ခေါင်းပုံဖြတ်မှုများကို
ကြုံတွေ့နေရပြီး ဗီဇာသက်တမ်း တိုးပေးမည်ဟုဆိုကာ ပွဲစားများ၏
လိမ်လည်မှုများကို မကြာခဏ တွေ့ကြုံနေရကြောင်းလည်း သိရသည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁ ဒသမ ၇ သန်းကို
ယာယီနိုင်ငံကူးလက်မှတ်များ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
eleven media group
No comments:
Post a Comment