ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်း အတွင်းရှိ မြေ ၅ ဒသမ ၇၄ ဧကအား ကားပါကင် လုပ်ငန်းလုပ်ရန်
မြင့်မိုရ်လွှမ်း ကုမ္ပဏီသို့ ငှားရမ်းထားမှု လွှတ်တော်မှ မသိရှိ၍
သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ တိုင်းဒေသကြီးလွှတ်တော်
ကိုယ်စားလှယ် ဦးကျော်က စက်တင်ဘာလ ၂၀ ရက်က ပြုလုပ်သည့် ပထမအကြိမ်
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် မေးမြန်းခဲ့သည်။
"ကျွန်တော်တို့ ယခုကျင်းပနေတဲ့ လွှတ်တော်ဝင်းအတွင်းက ပြည်လမ်းနဲ့
ရှင်စောပုလမ်းထောင့်က မြေကွက်ကို တစ်လလျှင် ကျပ်သိန်း ၃၁၀ နဲ့
ငှားရမ်းထားတယ်လို့ ဂျာနယ်တွေမှာ ဖတ်ရှုလိုက်ရပါတယ်။ ဒါကြောင့်
ကျွန်တော့်အနေနဲ့ မေးခွန်းများ မေးမြန်းလိုပါတယ်။ ယင်းမြေအငှားချထားမှု
မှန်ပါသလား။ မှန်ပါက လွှတ်တော်မြေဖြစ်လို့ လွှတ်တော်သို့ တင်ပြရန် အစီအစဉ်
ရှိမရှိ၊ အခုလို ငှားရမ်းခ ရရှိငွေကို မည်သို့သုံးစွဲပါမည်လဲ
သိရှိလိုပါတယ်" ဟု လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က မေးမြန်းသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၃/၂၀၁၃ ဆုံးဖြတ်ချက်
အပိုဒ် ၈၉ အရ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ပြည်လမ်းနှင့် ရှင်စောပု
လမ်းထောင့်ရှိ ဧရိယာ ၂၀ ဒသမ ၂၄ ဧကရှိ အစိုးရမြေမျိုး
ပြည်သူ့လုပ်ငန်းဌာနသို့ လွှဲအပ်မည့်မြေမှ ၅ ဒသမ ၇၄ ဧက ကျယ်ဝန်းသည့်
မြေကွက်တွင် မော်တော်ယာဉ် ရပ်နားကွင်းနှင့် အသင့်စားသုံနိုင်သော
မြန်မာ့အစားအစာများ ရောင်းချရန် မြင်းမိုလွှမ်း ဆောက်လုပ်ရေး ကုမ္ပဏီသို့
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်မှစ၍ တစ်လလျှင် ကျပ် ၃၁၁ သိန်းဖြင့် တရားဝင်
စာချုပ်ချုပ်ဆို ငှားရမ်းခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်၏
မေးမြန်းမှုအပေါ် ရန်ကုန်တိုင်းဒေသကြီး သစ်တောနှင့် စွမ်းအင်ဝန်ကြီး
ဦးကျော်စိုးက ပြန်လည်ဖြေကြားခဲ့သည်။
ယင်းသို့ ငှားရမ်းခြင်းမှာ
မော်တော်ယာဉ်သွား လမ်းမများပေါ်တွင် စည်းကမ်းမဲ့ ရပ်နားထားသော
မော်တော်ယာဉ်များအတွက် မော်တော်ယာဉ် ရပ်နားစခန်းအဖြစ်
ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အစိုးရမြေမျိုး ပြည်သူ့လုပ်ငန်း
လွှဲအပ်မည့် မြေအမျိုးအစား ဖြစ်သည့်အတွက် အစိုးရအဖွဲ့ အစည်းအဝေး
ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ငှားရမ်းခ ရငွေများအား
တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရငွေဝင်ငွေ ဘတ်ဂျက်တွင် ထည့်သွင်းပြီး
တစ်နှစ်စာ ရငွေများအပေါ် မူတည်၍ ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးရေးအတွက်
လမ်းများတံတားများ ပြုပြင်ခြင်း၊ အသစ်ဆောက်လုပ်ခြင်း လုပ်ငန်းများတွင်
အသုံးပြုရန်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက
အဆိုပြုထားသည့် လုပ်ငန်းများအတွက် အသုံးပြုရန် လျာထားပြီး ဆောင်ရွက်မည့်
အစီအစဉ်များအား နီးစပ်ရာ လွှတ်တော်အစည်းအဝေးသို့ တင်ပြသွားမည် ဖြစ်ပါကြောင်း
ရန်ကုန်တိုင်းဒေသကြီး သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက
ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment