နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲကျမှ အစိုးရက နိုင်ငံရေး ဆွေးနွေးပွဲ
လုပ်မည်ဆိုသည့် ကတိက၀တ်ကို ပေးမည်ဖြစ်ကာ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင်
အားလုံးပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲလုပ်ရန် စီစဉ်ထားကြောင်း Myanmar
Peace Center မှအကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက အပစ်အခတ် ရပ်စဲရေးထက်
နိုင်ငံရေး ဆွေးနွေးပွဲများကို ဦးစွာလုပ်ဆောင်ရန် အစဉ်တစိုက်
တောင်းဆိုနေသည့် အချိန်တွင် အစိုးရက တိုင်းရင်းသားများ တောင်းဆိုနေသော
နိုင်ငံရေး ဆွေးနွေးပွဲထက် အပစ်အခတ် ရပ်စဲရေးကိုသာ တွန်းအားပေး
လုပ်ဆောင်နေသည်ဆိုသော ဝေဖန်မှုများ ထွက်ပေါ်နေချိန်၌ ဦးလှမောင်ရွှေက
ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
လက်ရှိအစိုးရသည်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး တောင်းဆိုနေသည့် နိုင်ငံရေး
ဆွေးနွေးပွဲသို့ သွားနိုင်ရေးအတွက် အောက်တိုဘာလတွင် တစ်နိုင်ငံလုံး
အပစ်အခတ် ရပ်စဲရေးလက်မှတ်ထိုးပွဲ ပြုလုပ်ရန် စီစဉ်နေကြောင်း၊ ထိုသို့
လက်မှတ်ရေးထိုးပြီးပါက နိုင်ငံရေး ဆွေးနွေးပွဲကို ပြင်ဆင်သည့် Framework
Meeting ကဏ္ဍကို ဆက်လက် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်းနှင့်
ထိုမှတစ်ဆင့် အားလုံးပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲ
ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်နားလည် သလောက်က
အခုတစ်ခေါက်မှာ ဘယ်တုန်းကမှ မလုပ်ဖူးတဲ့ နိုင်ငံရေး ဆွေးနွေးမှုက အခုပါမှာ
ဖြစ်တယ်။ အရင်တုန်းက ကျွန်တော်တို့ လုပ်ခဲ့တာက အပစ်အခတ် ရပ်စဲမှုလောက်ပဲ
လုပ်ခဲ့တာဖြစ်တယ်။ အခုဟာက သင့်တော်တဲ့ အချိန်ရောက်နေပြီ ဖြစ်တဲ့အတွက်
နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ပါမယ်ဆိုတဲ့ ကတိက၀တ်ကို နိုင်ငံလုံးဆိုင်ရာ
အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ ပေးမယ်လို့ ကျွန်တော်တို့
နားလည်တယ်''ဟု ဦးလှမောင်ရွှေက ပြောကြားသည်။
သို့ရာတွင် အစိုးရမှ
စီစဉ်နေသော နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးစာချုပ်
လက်မှတ်ရေးထိုးပွဲသည် နိုင်ငံရေး အာမခံချက် မရှိသဖြင့် လက်မှတ်ရေးထိုးပွဲ
တက်ရောက်ရန် မသေချာသေးကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၁
ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ
ဖက်ဒရယ်ကောင်စီ(UNFC) က စက်တင်ဘာ ၈ ရက် ငြိမ်းချမ်းရေး
ဆွေးနွေးပွဲအပြီးတွင် တရားဝင်ထုတ်ဖော် ပြောကြားသည်။
အကယ်၍
အစိုးရအနေဖြင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်
လက်မှတ်ရေးထိုးပွဲသို့ တက်ရောက် စေချင်သည်ဆိုပါက တစ်နိုင်ငံလုံး အပစ်အခတ်
ရပ်စဲကြောင်း အစိုးရဘက်မှ တရားဝင်ထုတ်ပြန် ကြေညာပေးရန်၊ တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့များ၊ လူထုအခြေပြု လူမှုအဖွဲ့အစည်းများနှင့် Stake Holders
အားလုံးပါဝင်သည့် ဆွေးနွေးမှုမှတစ်ဆင့် ရရှိသော ပြည်ထောင်စု သဘောတူညီချက်ကို
ပွင့်လင်းစွာ ထုတ်ပြန်ပေးရန် အချက်နှစ်ချက် အပါအ၀င် အခြားအချက်ငါးချက်ကို
တိုင်းရင်းသားများ၏ သဘောထားအဖြစ် တင်ပြထားကြောင်း UNFC ၏ တွဲဖက်အထွေထွေ
အတွင်းရေးမှူး ပဒိုမန်းမန်းက ပြောကြားထားသည်။
ထို့အပြင်
ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ထားသော်လည်း
တိုက်ပွဲများပြန်လည် ဖြစ်ပွားနေသည့်အတွက် နောက်တစ်ကြိမ် ထပ်မံရေးထိုးရမည့်
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး စာချုပ်အပေါ် တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့များက သံသယ ရှိနေပါသည်။ အခြားတစ်ဖက်တွင်လည်း အပစ်အခတ်
ရပ်စဲရေးထက် နိုင်ငံရေး ဆွေးနွေးပွဲများ အမြန်ဆုံး စတင်နိုင်ရန်နှင့်
လက်ရှိ ပြဋ္ဌာန်းထားသော ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို
ဖက်ဒရယ်အခြေပြု ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်အောင် ပြင်ဆင်ရန် တိုင်းရင်းသား
အဖွဲ့အစည်းများက တောင်းဆိုထားသည်။
ပြည်ထောင်စု လွှတ်တော်နာယက
သူရဦးရွှေမန်းကလည်း ဖက်ဒရယ် မရရှိပါက ငြိမ်းချမ်းရေးအတွက်
အခက်အခဲဖြစ်မည့်အပြင် အမျိုးသား စည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသား
စည်းလုံးညီညွတ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များတွင်
အခက်အခဲ ရှိမည်ဆိုသော ပြောကြားမှုများသည် ထိုက်သင့်သလောက် မှန်ကန်ကြောင်း
စက်တင်ဘာ ၂ ရက်က တောင်ကြီးမြို့ ဒေသခံများနှင့် တွေ့ဆုံပွဲတွင်
ပြောကြားသည်။ သူရဦးရွှေမန်းသည် လွှတ်တော်ကိုယ်စားလှယ် အချို့၏
တင်ပြချက်များနှင့် ပြည်သူတို့၏ အမြင်အရ ငြိမ်းချမ်းရေး ဆွေးနွေးမှုများသည်
ငြိမ်းချမ်းရေး မရနိုင်ကြောင်း လွှတ်တော်အစည်းအဝေး တစ်ရပ်တွင်
ပြောကြားခဲ့ဖူးသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့်
တိုင်းရင်းသားများ လိုလားနေသော ဖက်ဒရယ် အခြေပြု ဖွဲ့စည်းပုံ
ဖြစ်ပေါ်ရေးတို့ကို နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ
စတင်ဆွေးနွေး နေပြီဖြစ်ပြီး လွှတ်တော်မှ ဖွဲ့စည်းထားသော ဖွဲ့စည်းပုံ
အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မရှင်၏ အစီရင်ခံစာကို ယခုနှစ် မကုန်မီ
လွှတ်တော်သို့ တင်သွင်းရန်ရှိသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်
ရပ်စဲရေး စာချုပ်တွင် အကြောင်းအမျိုးမျိုးကြောင့် လက်မှတ်မထိုးနိုင်သည့်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နိုင်ငံရေး ဆွေးနွေးပွဲ၌
ပါဝင်နိုင်ရေး အဆင့်တိုင်းတွင် လမ်းဖွင့်ပေးမည်ဟု ပြည်ထောင်စု
ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး
ဦးအောင်မင်းက ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ
(UNFC)နှင့် စက်တင်ဘာ ၈ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံစဉ်
ရှင်းပြခဲ့ကြောင်း သိရသည်။
သို့သော် လက်ရှိအချိန်အထိ
နေပြည်တော်တွင် အောက်တိုဘာလအတွင်း ပြုလုပ်ရန် စီစဉ်နေသော
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပွဲသို့
တက်ရောက်မည်ဟု အတိအလင်း ထုတ်ဖော် ပြောဆိုထားသည့် တိုင်းရင်းသား
အဖွဲ့တစ်ဖွဲ့မျှ မရှိသေးကြောင်း သိရသည်။
(အောက်တိုဘာလတွင်
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်နိုင်ရန် အစိုးရ
အလုပ်အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ အလုပ်အဖွဲ့များ
စက်တင်ဘာ ၁၂ ရက်က ရန်ကုန်မြို့၌ ဆွေးနွေးနေစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း))
Eleven Media Group
No comments:
Post a Comment