နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင် တော်လှန်ရေး ခြောက်နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာ ၁၈ ရက်က ရန်ကုန်မြို့ သာဓုပရိယတ္တိ စာသင်တိုက်တွင် ပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားသို့ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သော
ရဟန်းသံဃာတော်များ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေး ပါတီများ၊ လူမှုအဖွဲ့အစည်းများ
တက်ရောက်ခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုကာ
ဖွင့်လှစ်ခဲ့ပြီး ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးတွင်
ကျဆုံးခဲ့သော ရဟန်းသံဃာ၊ ကျောင်းသား၊ ပြည်သူများ ၀မ်းနည်းခြင်း
အထိမ်းအမှတ်အဖြစ် တစ်မိနစ်ခန့် ငြိမ်သက်ခဲ့ကြသည်။
ယင်းအခမ်းအနားကို ဘာသာရေး ပဋိက္ခ မဖြစ်ပေါ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊
အမျိုးသားပြန်လည် သင့်မြတ်ရေး၊ အခြေခံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး
အပြည့်အ၀ ရရှိရေးစသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်မည် ဖြစ်ကြောင်း
ငွေကြာယံ ကျောင်းတိုက်မှ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သံဃာတော် တစ်ပါးက
မိန့်ကြားသည်။
ယခင်တပ်မတော် အစိုးရ လက်ထက်က ၁၉၉၀ ပြည့်နှစ်တွင်
တစ်ကြိမ်၊ ၂၀၀၇ ခုနှစ် တွင်တစ်ကြိမ် သံဃာတော်များ အနေဖြင့် ပတ္တနိက္ကုဇ္ဇန
ကံဆောင်ခဲ့ပြီး ယင်းကံဆောင်မှုကို ပြန်လည်ပယ်ဖျက် ပေးလိုသော်လည်း လက်ရှိ
အစိုးရသစ် အနေဖြင့် တာဝန်ရှိသည့်အလျောက် သံဃာတော်များအား
ပြန်လည်တောင်းပန်ရန် လိုအပ်ကြောင်း အခမ်းအနားတွင် ရွှေဝါရောင် တော်လှန်ရေး
သံဃာတော်များက မိန့်ကြားသည်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က ''အရှင်ဘုရားတို့
ပေးဆပ်ခဲ့သမျှ၊ တိုက်ပွဲဝင်ခဲ့သမျှ၊ ဒကာ ဒကာမတွေ လုပ်ဆောင်ခဲ့တဲ့ အရာတွေ
အားလုံးဟာ ဘယ်သောအခါမှ အချည်းနှီး မဖြစ်ပါဘူး။ မှတ်တမ်းအဖြစ်
ထင်ကျန်ရစ်ပါတယ်။ အာဏာနဲ့ အင်အားကိုသုံးပြီး အမှန်တရားကို ဖုံးလည်းခဏပဲ။
အမှန်တရားဟာ ထာဝရ ခိုင်မြဲနေတယ်ဆိုတာ အရှင်ဘုရားတို့ ယုံကြည်ပေးပါ။
သမိုင်းတစ်လျှောက်လုံးမှာ ဓမ္မနဲ့ အဓမ္မ ဆိုတာ အမြဲအားပြိုင်နေပြီး အဆုံးမှာ
ဓမ္မကပဲ အနိုင်ရစမြဲဆိုတာ အရှင်ဘုရားတို့ ဟောခဲ့တဲ့ တရားတော်တွေထဲက
အတိုင်းပါ ဘုရား။ ဆရာတော်တို့နဲ့ တပည့်တော်တို့ ပြည်သူတွေနဲ့အတူ အေးအတူ
ပူအမျှ ရှိနေပေးပါ။ တပည့်တော်တို့ အနေနဲ့လည်း အရှင်ဘုရားတို့ရဲ့
စောင့်ရှောက်မှုကို လိုလားပါတယ်။ တပည့်တော်တို့ လူမျိုးနဲ့
တိုင်းပြည်အကျိုးကို အရှင်ဘုရားတို့ မြှင့်တင်ပေးဖို့ ယုံယုံကြည်ကြည်
ရှိပါတယ်'' ဟု ပြောကြားသည်။
ထို့အတူ ဦးကိုကိုကြီးကလည်း စစ်သားများ
နိုင်ငံရေးတွင် ပါဝင်နေသဖြင့် ဘုရားသားနှင့် ကျောင်းသားများသည်
နိုင်ငံရေးတွင် ပါဝင်လုပ်ဆောင် နေရခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးတွင်
စစ်သားများ မပါတော့ပါက ဘုရားသား (သံဃာတော်) နှင့် ကျောင်းသားများလည်း
မိမိအလုပ် မိမိလုပ်နိုင် လိမ့်မည်ဖြစ်သည့် အကြောင်းကို နိုင်ငံခြား
သတင်းစာဆရာ တစ်ဦး၏ ရေးသားချက်များကို ကိုးကား၍ ပြောကြားသည်။
နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင် တော်လှန်ရေး (၆)နှစ်မြောက် အခမ်းအနားတွင်
ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ပတ်သက်သည့် အစိုးရအား တိုက်တွန်းသော
သဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
(နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင် တော်လှန်ရေး (၆)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့၌ စက်တင်ဘာ ၁၈ ရက်က ကျင်းပစဉ်)
Eleven Media Group
No comments:
Post a Comment