Pages

4.9.13

ရခိုင်ပြည်နယ် ပညာရေးအတွက် ဒေါ်လာငွေ ၁ သန်း အိန္ဒိယလှူဒါန်း

ရခိုင်ပြည်နယ် ပညာရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အိန္ဒိယအစိုးရက အမေရိကန်ဒေါ်လာ ၁ သန်းကို ရခိုင်ပြည်နယ် အစိုးရကတဆင့် ဒီနေ့လှူဒါန်းလိုက်ပါတယ်။

ဒီနေ့ ပညာရေးရန်ပုံငွေ လှူဒါန်းတဲ့အခမ်းအနားကို စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ကျင်းပခဲ့ပြီး၊ ဒီလှူဒါန်းမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Gautam Mukhopadhaya က စကားပြန်ကတဆင့် အခုလိုပြောပါတယ်။



“ယခုအချိန်မှာ အိန္ဒိယနိုင်ငံက ရခိုင်ပင်လယ်ထဲမှာ ကုလားတန်မြစ်ကြောင်း စီမံကိန်းရယ်၊ စစ်တွေမြို့က ဆိပ်ခံတံတားရယ်၊ အဲဒီစီမံချက်တွေကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ပူးပေါင်းပြီးတော့ ဒေသအတွင်း စီးပွားရေး ဖွံ့ဖြိုးမှုတွေရှိလာအောင် စီစဉ်ဆောင်ရွက်ပေးနေပါတယ်၊ အထူးသဖြင့် ဒီနေရာမှာ ရရှိလာတဲ့ငွေကြေးတွေကို ရခိုင်ပြည်နယ်အတွင်း ပညာရေးဖွံ့ဖြိုးရေးလုပ်ငန်းတွေဖြစ်တဲ့ စွမ်းရည်မြှင့်လုပ်ငန်းတွေ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ သုံးစွဲသွားဖို့ အစီအစဉ်ရှိပါတယ်”

အိန္ဒိယသံအမတ်ကြီးဟာ အိန္ဒိယက တာဝန်ယူဆောက်လုပ်နေတဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းမှာပါဝင်တဲ့ စစ်တွေဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်းကိုလေ့လာဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့က စစ်တွေမြို့ကိုရောက်ရှိနေတာဖြစ်ပါတယ်။

စစ်တွေဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်းဟာ အခုနှစ်ကုန်ပိုင်းမှာ ပြီးစီးမယ်လို့ သိရပါတယ်။

RFA

No comments:

Post a Comment