အယ်လ်ကေဒါကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းတို့က တိုက်ခိုက်မှု များ ပြုလုပ်ရန်
စီစဉ်ထားနိုင်သဖြင့် နိုင်ငံသားများအနေဖြင့် လုံခြုံရေးအတွက် သတိဝီရိယထား သွားလာနေထိုင်ကြရန် အမေရိကန်အစိုးရက တိုက်တွန်းခဲ့
ကမ္ဘာတစ်ဝန်းတွင် အမေရိကန်ကိုပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက် မှု
ပေါ်ပေါက်နိုင်ယုံကြည်ရလောက်သော ထောက်လှမ်းရေး သတင်းအ ချက်အလက်များအရ
ကမ္ဘာတစ်ဝန်းတွင် အမေရိကန်နိုင်ငံသားများနှင့် အမေရိကန်၏
ပိုင်ဆိုင်မှုများကို အဓိကပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှု
ဖြစ်ပွားလာနိုင်ခြေရှိကြောင်း ဝါရှင်တန်အစိုးရက သတိပေးချက်
ထပ်မံထုတ်ပြန်လိုက်သည်။ အယ်လ်ကေဒါကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းတို့က
တိုက်ခိုက်မှုများ ပြုလုပ်ရန် စီစဉ်ထားနိုင်သဖြင့် နိုင်ငံသားများအနေဖြင့်
လုံခြုံရေးအတွက် သတိဝီရိယထား သွားလာနေထိုင်ကြရန် အမေရိကန်အစိုးရက
တိုက်တွန်းခဲ့သည်။ ယခင် လပိုင်းအတွင်းကလည်း ကမ္ဘာတစ်ဝန်း
အကြမ်းဖက်တိုက်ခိုက်မှုများ ပေါ်ပေါက်နိုင်ကြောင်း အမေရိကန်က သတိပေးချက်
ထုတ်ပြန်ထားခဲ့သည်။
အကြမ်းဖက်တိုက်ခိုက်မှု
ဖြစ်ပွားလာနိုင်ဖွယ်ရှိသည့် ကမ္ဘာ့နေရာဒေ သများအဖြစ် ဥရောပ၊ အာရှ၊
အာဖရိနှင့် အရှေ့အလယ်ပိုင်းတို့ကို အမေရိကန်အစိုးရက ရည်ညွှန်းထားသည်။ အဆိုပါ
ဒေသများ၏ လူစုလူဝေးရှိသည့် နေရာများမှာ အကြမ်းဖက်တိုက်ခိုက်မှု
ပစ်မှတ်ဖြစ်နိုင်ကြောင်း အမေရိကန်က သတိပေးသည်။ ယခုထုတ်ပြန်သည့်
သတိပေးချက်တွင် အမေရိကန်နိုင်ငံသား အများအပြား ရှိနေ တတ်သော နိုင်ငံ
တွင်းနှင့် နိုင်ငံရပ်ခြားရှိ လူနေအိမ်ရာများ၊ ရုံးခန်းများ
စုစည်းပါဝင်သည့် စီးပွားရေး အဆောက်အအုံများ၊ ဟိုတယ်များ၊ နိုက်ကလပ် များ၊
စားသောက်ဆိုင်များ၊ ဘာသာရေးဆိုင်ရာ ဝတ်ပြုဆုတောင်းသည့် နေ ရာများ၊
ကျောင်းများ၊ အများပြည်သူ သွားလာသည့် နေရာများ၊ ဈေးဝယ် စင်တာများနှင့်
ကမ္ဘာလှည့်ခရီးသည်များ သွားလာလေ့ရှိသည့် နေရာများမှာ အကြမ်းဖက်တိုက်ခိုက်မှု
ပစ်မှတ်များ ဖြစ်လာနိုင်ကြောင်း ဖော်ပြထားသည်။
အကြမ်းဖက်တိုက်ခိုက်ရာတွင် လုပ်ကြံသတ်ဖြတ်ခြင်း၊ အသေခံ တိုက်ခိုက်ခြင်း၊
ပြန်ပေးဆွဲခြင်း၊ လေယာဉ်အပိုင်းစီးခြင်းနှင့် ဗုံးခွဲခြင်းတို့ကို
လုပ်ဆောင်နိုင်ကြောင်း အမေရိကန်က ရရှိထားသော ထောက်လှမ်းရေး
သတင်းများကဆိုသည်။ အမေရိကန်အစိုးရနှင့် သက်ဆိုင်သော အဆောက်အအုံများမှာ
အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ် ပိုမိုရှိနေကြောင်းလည်း သိရသည်။ ထို့အပြင်
မော်စကို၊ လန်ဒန်နှင့် နယူးယောက်ခ်မြို့များရှိ အများပြည်သူ
သယ်ယူပို့ဆောင်ရေးစနစ်များ ယခင်က အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည့်
ပုံစံကိုလည်း အမေရိကန်အစိုးရက ပြန်လည်ညွှန်းဆို သတိပေးထားသည်။ အမေရိကန်က
ရရှိထားသော သတင်းများအရ အကြမ်းဖက်အုပ်စုများသည် လက်ဘနွန်၊ အီရတ်၊
အယ်လ်ဂျီးရီးယား၊ လစ်ဗျား၊ ဆော်ဒီအာရေဗျနှင့် ယီမင်နိုင်ငံများရှိ
အမေရိကန်နှင့် ပတ်သက်သည့်နေရာများကို ပစ်မှတ်ထားတိုက်ခိုက်ရန်
စီစဉ်နေသည်ဟုဆိုသည်။ ထို့အတူ အီဂျစ်၊ ဆီးရီးယားနှင့်
တူနီးရှားနိုင်ငံများတွင်လည်း အကြမ်းဖက်တိုက်ခိုက်မှုများ
ပေါ်ပေါက်နိုင်ကြောင်း သ တိပေးထားသည်။
အမေရိကန်အစိုးရ၏
သတိပေးချက်မှာ ကင်ညာနိုင်ငံတွင် ဈေးဝယ်စင်တာ အကြမ်းဖက်
စီးနင်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ထွက်ပေါ်လာခြင်းဖြစ် သည်။ ကင်ညာတွင်
မြို့တော်နိုင်ရိုဘီရှိ Westgate ဈေးဝယ်စင်တာ အဆောက်အအုံအား အစ္စလာမ်မစ်
အကြမ်းဖက်အဖွဲ့ အယ်လ်ရှာဘတ်က စီးနင်းတိုက်ခိုက်ကာ လူအများအပြားအား
ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့ သည်။ အဆိုပါ ဈေးဝယ်စင်တာအား
ကင်ညာလုံခြုံရေးတပ်ဖွဲ့များက စစ်ဆင်ရေးဖြင့် ဝင်ရောက်ရှင်းလင်းခဲ့ပြီး
အကြမ်းဖက်သမားများနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ၃ ရက်ကျော်ကြာမြင့်ခဲ့သော
အဆိုပါ ဖြစ်ရပ်အတွင်း အရပ်သား ၆၁ ဦး၊ ကင်ညာလုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦးနှင့်
အကြမ်းဖက်သမား ၅ ဦး စုစုပေါင်း ၇၂ ဦး သေဆုံးခဲ့သည်။ အခြား လူ ၂၀၀ ကျော်လည်း
ဒဏ်ရာရရှိခဲ့ကာ ဈေးဝယ်စင်တာ၏ အထပ်သုံးထပ်မှာ အတွင်းပိုင်း၌
ပြိုကျပျက်စီးခဲ့သည်။ ဆိုမာလီယာတွင် ကင်ညာနိုင်ငံက စစ်ရေးအရ
ဝင်ရောက်ဆောင်ရွက်မှုအပေါ် လက်တုံ့ပြန်ဒဏ်ခတ်သည့် အနေဖြင့် ယခုကဲ့သို့
စီးနင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း အယ်လ်ရှာဘတ် အကြမ်းဖက်အဖွဲ့က
ပြောကြားသည်။
Planet Myanmar Network
No comments:
Post a Comment