ဂျပန်ကာကွယ်ရေးဝန်ကြီး အိုနိုဒါရာနှင့် ထိုင်းဝန်ကြီးချုပ် ယင်းလတ်တို့
လုံခြုံရေးရာကိစ္စများ ဆွေးနွေးကြပြီး တောင်တရုတ်
ပင်လယ် အငြင်းပွားမှုနှင့်
ပတ်သက်သည့် ကိစ္စများကိုပါ ဆွေးနွေးခဲ့ကြကြောင်း ထိုင်းအစိုးရ ထုတ်ပြန်ချက်ကို ကိုးကားပြီး Asean Defense News တွင် ဖော်ပြထားသည်။
တောင်တရုတ်ပင်လယ် အငြင်းပွားမှုများ တိုးမြင့်မလာစေရေးအတွက် လိုက်နာ
ကျင့်သုံးရမည့် ကျင့်ဝတ်များ လက်တွေ့ဖော်ထုတ်နိုင်ရန် လိုအပ်သည်ဟု
ဂျပန်နှင့် ထိုင်းနှစ်နိုင်ငံလုံးက သဘောတူညီထားကြောင်း ထိုင်းအစိုးရအဖွဲ့
ပြောရေးဆိုခွင့်ရှိသူ ရာတာနာစီဝီက ပြောကြားသည်။
အငြင်းပွားမှု
ဖြေရှင်းရာတွင် တပ်အင်အား မသုံးရန်နှင့် အခြေအနေပိုမို ရှုပ်ထွေးလာစေမည့်
လုပ်ဆောင်ချက်များကို ထိန်းသိမ်းရန် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက
၂၀၀၂ ခုနှစ်တွင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း
ရေပိုင်နက် အငြင်းပွားမှုများမှာ ၂၀၀၂ ခုနှစ်မှစတင်၍ တိုးမြင့်လာခဲ့ပြီး
တရုတ်နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံကြား တင်းမာမှု အမြင့်ဆုံး ဖြစ်ခဲ့သည်။
အဆိုပါ ပြဿနာများကို တွေ့ဆုံဆွေးနွေးမှု၊ ဥပဒေ စိုးမိုးမှုများဖြင့်
ဖြေရှင်းသွားနိုင်မည်ဟု ယုံကြည်ကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီး အိုနိုဒါရာက
ပြောကြားသည်။
ဂျပန်နိုင်ငံ၏ ရပ်တည်ချက်မှာ ရေပိုင်နက်
အငြင်းပွားမှုတွင် ပါဝင်နေသည့် နိုင်ငံအားလုံး မိမိတို့
တောင်းဆိုချက်များကို အပြည်ပြည်ဆိုင်ရာ ရေကြောင်း ဥပဒေနှင့်အညီ
ရှင်းရှင်းလင်းလင်း ထုတ်ပြန်သင့်ပြီး လက်ရှိအခြေအနေကို ပျက်ယွင်းစေမည့်
တစ်ဖက်သတ် ဆောင်ရွက်မှုများကို ထိန်းချုပ်သင့်ကြောင်း ဝန်ကြီးက ပြောကြားသည်။
တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ကြား ဆွေးနွေးမှုများ ပေါ်ပေါက်လာအောင်
ထိုင်းနိုင်ငံက ညှိနှိုင်း ဆောင်ရွက်ပေးနေမှုများကို ဂျပန် ကာကွယ်ရေးဝန်ကြီးက
ချီးကျူးသွားပြီး ယင်းသို့ဖြင့် အရှေ့အာရှဒေသတွင်း ငြိမ်းချမ်းရေးနှင့်
လုံခြုံရေး ပေါ်ပေါက်လာစေရန် ထိုင်းနိုင်ငံက အရေးပါသော အခန်းကဏ္ဍမှ
ပါဝင်ဆောင်ရွက်နေကြောင်း မှတ်ချက်ပြုသည်။
ဂျပန်အမျိုးသား
ကာကွယ်ရေး အကယ်ဒမီတွင် ထိုင်းစစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များ စေလွတ်ရေးနှင့်
ပတ်သက်ပြီးလည်း ထိုင်းဝန်ကြီးချုပ်နှင့် ဂျပန် ကာကွယ်ရေးဝန်ကြီးတို့
ဆွေးနွေးခဲ့သည်။
ထိုင်းစစ်ဘက် အရာရှိပေါင်း ၂၀၀ ကျော် ဂျပန်
စစ်ကျောင်းများတွင် လေ့လာ သင်ကြားမှုများ ပြုလုပ်ခဲ့ပြီး ဂျပန်
စစ်အရာရှိများလည်း ထိုင်းတပ်မတော် စစ်ဦးစီးကောလိပ်တွင် တက်ရောက်
လေ့လာနေကြောင်း ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပြန်သည်။
ဂျပန်ကာကွယ်ရေးဝန်ကြီး၏ ငါးရက်ကြာ အရှေ့တောင်အာရှ ခရီးစဉ်ကို
တနင်္ဂနွေနေ့တွင် စတင်ခဲ့ပြီး ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများသို့
သွားရောက်ကာ ကာကွယ်ရေး၊ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ အဓိကအားဖြင့်
ရေကြောင်း လုံခြုံရေး မြှင့်တင်ရေး တို့ကို ဆွေးနွေးမည် ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment