မင်္ဂလာဒုံ ဥယျာဉ်မြို့တော် ရန်ကုန်စက်မှုဇုန်ရှိ လုပ်သား တစ်ထောင်ကျော် လုပ်ကိုင်နေသော
A-1 GARMENT FACTORY အထည်ချုပ် စက်ရုံသည် စက်တင်ဘာ ၁၈ ရက်၊ နံနက် ၁၁ နာရီ၊
မိနစ် ၃၀ ခန့်က စတင်လောင်ကျွမ်းခဲ့ပြီး စက်ရုံတစ်ဝက်နီးပါး
ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုသည် အေ၀မ်း
အထည်ချုပ် စက်ရုံ၏ နိုင်ငံခြားပို့ ကုန်ချောထားရှိသည့် နေရာမှ
စတင်လောင်ကျွမ်းခဲ့ပြီး မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်တွင်
မီးလောင်ကျွမ်းမှုကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း
မီးသတ်ဦးစီးဌာနမှ မီးသတ်အရာရှိ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ထိုမီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ
တိုင်းမီးသတ် ဦးစီးမှူး ဦးကြည်ဝင်းက ''ဒီမီးလောင်မှုမှာ ထိခိုက်ဒဏ်ရာ
ရတာမရှိပါဘူး။ မီးလောင်မှု အကြောင်းအရင်း မသိသေးပါဘူး။ စီစီတီဗွီ ကင်မရာကို
ပြန်စစ်ဆေး ရပါဦးမယ်'' ဟု ပြောကြားသည်။
ထို့ပြင် မီးစတင်
လောင်ကျွမ်းချိန်သည် စက်ရုံဝန်ထမ်းများ ထမင်းစားချိန် ဖြစ်သဖြင့် အပြင်သို့
ရောက်ရှိ နေကြောင်းနှင့် အဆိုပါမီး စတင်လောင်ကျွမ်းသော နေရာတွင် အ၀တ်အထည်
အခြောက်ခံစက် ရှိကြောင်း စက်ရုံဝန်ထမ်း တစ်ဦးထံမှ သိရသည်။
ထို့နောက် မင်္ဂလာဒုံ မြို့မရဲစခန်းမှ တပ်ဖွဲ့မှူး ရဲမှူးအောင်သိန်းဝင်းက
''ဒီမီးလောင်မှုမှာ ထိခိုက်ဒဏ်ရာ ရတာမရှိဘူး။ မီးလောင်မှုကို သက်ဆိုင်ရာ
ဥပဒေအရ အရေးယူဖို့ လုပ်ဆောင်သွားပါမယ်။ မီးလောင်မှု အကြောင်းအရင်းကို
လတ်တလော မသိရသေးပါဘူး'' ဟု ပြောကြားသည်။
မီးလောင်မှု
အကြောင်းအရင်းကို ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ
အပ်ချုပ်စက်ခန်းနှင့် အင်္ကျီမီးပူ တိုက်ခန်းတို့ကို သွယ်ထားသော
ဝိုင်ယာကြိုးမှ အပူလွန်ကဲပြီး လောင်ကျွမ်းခြင်း ဖြစ်ကြောင်း သိရသည်။
သို့သော် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင်
အထည်ချုပ် စက်ရုံ၏ ရေငွေ့စုပ်စက် အပူလွန်ကဲရာမှ မီးလောင်မှု
ဖြစ်ပွားရခြင်းဖြစ်ကြောင်း ဖော်ပြထားပြီး ယင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်း
မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျ မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက
''ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့ သတင်းက အမှန်ပါ။ မီးလောင်မှု ဖြစ်စဉ်
အကြောင်းအရင်းကို ကျွန်တော်တို့က ပေးရတာပါ'' ဟု ပြောကြားသည်။
ယင်းမီးလောင်ကျွမ်းမှုကို မီးသတ်ကား စုစုပေါင်း ၄၅ စီး၊ မီးသတ်တပ်ဖွဲ့ဝင်
၄၀၀ နီးပါးဖြင့် တစ်နာရီကျော်ကြာ ငြှိမ်းသတ်ခဲ့ရ ပြီး စက်ရုံ၏ အတွင်းပိုင်း
တစ်ဝက်ခန့် လောင်ကျွမ်းသွားကြောင်း ယင်းမီးလောင်ကျွမ်းမှုတွင်
ဝင်ရောက်ငြှိမ်းသတ်နေသော မီးသတ်အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
''အရင်ဆုံး မီးခိုးလုံးကြီးတွေ အလိပ်လိုက် တက်လာတယ်။ အဲဒီတော့မှ အထဲမှာ
မီးလောင်နေမှန်း သိရတယ်။ အဲအချိန်က စက်ရုံဝန်ထမ်းတွေ ထမင်းစားချိန်မို့
အပြင်မှာ ရှိနေကြတယ်။ အဲဒါကြောင့် စက်ရုံအလုပ်သမား တွေထဲမှာ
ထိခိုက်ဒဏ်ရာရတာ မရှိဘူးထင်တယ်။ ဒါပေမဲ့ မီးသတ်နေတဲ့ မီးသတ်သမား
တစ်ယောက်ကတော့ မျက်နှာ မီးဟပ်သွားတယ်လို့ သိရတယ်။ လူနာတင်ကား နှစ်စီးလည်း
လာသွားတယ်'' ဟု အဆိုပါ မီးလောင်မှုဖြစ်စဉ် အနီးရှိ ပြည်သူတစ်ဦးက
ပြောကြားသည်။
မင်္ဂလာဒုံမြို့နယ်၊ ဥယျာဉ်မြို့တော်၊ ဇေကမ္ဘာဝင်း
အတွင်းရှိ ရန်ကုန်စက်မှုဇုန်၊ ဗိုလ်တေဇလမ်း အမှတ် ၁၈၊ ၁၉ တွင် တည်ရှိသော R-C
တစ်ထပ် အဆောက်အအုံ အမျိုးအစား အေ၀မ်းအထည်ချုပ် စက်ရုံသည် နိုင်ငံခြားသို့
အနွေးထည်များ တင်ပို့နေသော စက်ရုံဖြစ်ကြောင်း စက်ရုံအတွင်း လုပ်ကိုင်နေသော
အလုပ်သမား တစ်ဦးက ပြောကြားသည်။
အဆိုပါ မီးလောင်မှု ဖြစ်စဉ်ကို
မင်္ဂလာဒုံ မြို့မရဲစခန်းမှ စက်ရုံအထွေထွေ မန်နေဂျာ ဦးနိုင်ဦးကို (ပ)
၅၈၄/၂၀၁၃ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း
သိရသည်။
(အေ၀မ်း အထည်ချုပ် စက်ရုံအတွင်း မီးငြှိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်))
Eleven Media Group
No comments:
Post a Comment