ကမ္ဘာ့အကြီးဆုံး စားသောက်ကုန် လုပ်ငန်းဖြစ်သော Nestle သည် မြန်မာနိုင်ငံတွင် စက်ရုံတည်ထောင်ပြီး စားသောက်ကုန်များ ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထိုသို့ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် Nestle Myanmar Co.,Ltd ကို
ဖွဲ့စည်းခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု
ဦးစီးဌာနမှ စက်တင်ဘာ ၁၆ ရက်တွင် ယာယီဖွဲ့စည်း မှတ်ပုံတင်ခွင့်
ပြုခဲ့ကြောင်း သိရသည်။
လုပ်ငန်းများဆောင်ရွက်ရန် ပြီးခဲ့သည့်
နှစ်ကုန်ပိုင်းတွင် စတင်ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး
လက်ရှိမြန်မာဈေးကွက်အတွင်း ရောင်းချနေသည့် Nestle ထုတ်ကုန်များသည်
ထိုင်းနိုင်ငံမှတစ်ဆင့် ၀င်ရောက်နေခြင်း ဖြစ်သည်။
Nestle သည်
ကလေးအစားအစာ၊ ရေ၊ မုယောစပါးနှင့် ပြုလုပ်သော အစားအစားများ၊ ကော်ဖီ၊
ယိုမျိုးစုံ၊ ဂျုံနှင့်ပြုလုပ်သော အစားအစာများ၊ နို့နှင့်ပြုလုပ်သော
အစားအစာများ၊ ရေခဲမုန့်၊ သရေစာနှင့် တိရစ္ဆာန် အစားအစာများ အဓိက
ထုတ်လုပ်ပြီး ကုန်ပစ္စည်း အမှတ်တံဆိပ်ပေါင်း ၂၉ ခုရှိကြောင်း သိရသည်။
၎င်း၏ထင်ရှားသည့် အမှတ်တံဆိပ် အချို့မှာ Nespresso၊ Nescafe၊ Kit Kat၊
Smarties၊ Nesquik၊ Stouffer's၊ Vittel၊ Maggi၊ MILO စသည်တို့ဖြစ်ပြီး
မြန်မာနိုင်ငံတွင်လည်း လူကြိုက်များသည့် ကုန်ပစ္စည်း အမှတ်တံဆိပ်များ
ဖြစ်သည်။
Nestle သည် ကမ္ဘာ့နိုင်ငံပေါင်း ၉၀ နီးပါးခန့်တွင်
စက်ရုံပေါင်း ၄၅၀ ကျော်ရှိပြီး ဈေးကွက်အလားအလာ ကောင်းမွန်လာသော
မြန်မာနိုင်ငံတွင်လည်း စက်ရုံတည်ထောင်ရန် စီစဉ်လာခြင်းဖြစ်သည်။
ဆွစ်ဇာလန်နိုင်ငံ Vevey မြို့အခြေစိုက် Nestle ဖြစ်လာမည့်
ကုမ္ပဏီများဖြစ်သော Anglo-Swiss Condensed Milk Company ကို ၁၈၆၆ ခုနှစ်တွင်
တည်ထောင်ခဲ့ပြီး Farine Lactee Henri Nestle ကို ၁၈၆၇ ခုနှစ်တွင်
တည်ထောင်ခဲ့သည်။ ၁၉၀၅ ခုနှစ်တွင် အဆိုပါ ကုမ္ပဏီနှစ်ခု ပူးပေါင်းပြီး Nestle
and Anglo-Swiss Condensed Milk Company ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ
လက်ရှိ Nestle ၏ အစုရှယ်ယာ အများစုကို ကမ္ဘာ့အကြီးဆုံး အလှကုန်
လုပ်ငန်းဖြစ်သော L'Oreal က ပိုင်ဆိုင်ထားသည်။
လက်ရှိ Nestle ၏
ဈေးကွက်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၃၃ ဘီလျံရှိပြီး Financial Time
သတင်းစာ၏ သတ်မှတ်ချက်အရ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီများစာရင်းတွင် အဆင့် ၉
ရရှိထားသည်။ ၂၀၁၂ ခုနှစ် အတွင်းဝင်ငွေ Swiss Francs ၉၂ ဒသမ ၁၈ ဘီလျံ
ရရှိထားပြီး အမြတ်ငွေ Swiss Francs ၁၀ ဒသမ ၆၁ ဘီလျံ ရရှိထားသည်။
မြန်မာနိုင်ငံတွင် ကမ္ဘာ့အဆင့် စားသောက်ကုန်နှင့် အဖျော်ယမကာ
ကုမ္ပဏီများဖြစ်သော Coca Cola၊ Pepsi၊ Unilever စသည့်ကုမ္ပဏီများ
စက်ရုံတည်ထောင်ပြီးဖြစ်ကာ Heineken၊ Carlsberg၊ Beer Chang၊ Pokka
စသည့်ကုမ္ပဏီများလည်း စက်ရုံများတည်ထောင်ရန် ဆောင်ရွက်လျက်ရှိသည်။
Eleven Media Group
No comments:
Post a Comment