လစ်ဗျား ဝန်ကြီးချုပ် အလီဇီဒန် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်အတွင်း ခဏတာ
ပြန်ပေးဆွဲ
ခံခဲ့ရပြီး ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် နိုင်ငံတော် အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်သည်ဟု ၎င်းက ပြောကြားသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ဝန်ကြီးချုပ် ပြန်ပေးဆွဲခံရခြင်း နောက်ကွယ်တွင် လစ်ဗျား လွှတ်တော်တွင်းရှိ
နိုင်ငံရေးပါတီတစ်ရပ် ရှိနေကြောင်း ဝန်ကြီးချုပ် အလီဇီဒန်က ရုပ်မြင်သံကြား
မိန့်ခွန်းပြောရာတွင် ထည့်သွင်း ပြောကြား သည်။
အလီဇီဒန်ကို
ထရီပိုလီမြို့တော်ရှိ ဟိုတယ်တစ်ခုမှ ကြာသပတေးနေ့တွင် ပြန်ပေးဆွဲ
ခေါ်ဆောင်ခဲ့ပြီး စစ်သွေးကြွများက နာရီပေါင်းများစွာ ထိန်းသိမ်းထားခဲ့သည်။
လက်နက်ကိုင် ၁၀၀ ကျော်က ဝန်ကြီးချုပ်ကို ဖမ်းဆီးခေါ်ဆောင် သွားပြီး
ပြည်ထဲရေးဝန်ကြီးဌာန ရာဇဝတ်မှု တိုက်ဖျက်ရေး အခန်းအတွင်း ဖမ်းဆီးထားသည်ကို
အခြားသော စစ်သွေးကြွများက ပြန်လည် ကယ်ထုတ်ခဲ့သည်။
ယင်းကဲ့သို့
ပြန်ပေးဆွဲခြင်းသည် တရားဝင် ကိုယ်စားပြုနိုင်ခွင့်ကို အာဏာသိမ်းရန်
ကြိုးပမ်းမှု ဖြစ်ကြောင်း ဝန်ကြီးချုပ် ဇီဒန်က မှတ်ချက်ပြုလိုက်သည်။
ရွေးကောက်ပွဲများမှတစ်ဆင့် မိမိကို အနိုင်ရယူရန်
မစွမ်းဆောင်နိုင်ခြင်းကြောင့် အင်အားအသုံးပြုသည့် နည်းလမ်းများကို မိမိ၏
နိုင်ငံရေး အတိုက်အခံများက ရွေးချယ်လာကြကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ဝန်ကြီးချုပ် ပြန်ပေးဆွဲ ခံရမှုသည် လစ်ဗျားနိုင်ငံတွင်း အမြစ်တွယ်နေသည့်
ပြည်တွင်းနိုင်ငံရေး အကွဲအပြဲကို မီးမောင်းထိုး ဖော်ပြပေးသည့် ဖြစ်ရပ်တစ်ခု
ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
လစ်ဗျားအစိုးရအဖွဲ့
အားနည်းချည့်နဲ့စေရန် ညီလာခံတွင်းရှိ ရှေးရိုးစွဲ ပါတီများက
ကြိုးပမ်းလုပ်ဆောင်နေကြောင်း ဝန်ကြီးချုပ်က အစောပိုင်း ကာလများက
စွပ်စွဲပြောကြားခဲ့ပြီး ပြန်ပေးဆွဲ ခံရသည့် ဖြစ်ရပ်ကြောင့်
လစ်ဗျားနိုင်ငံရေး အခြေအနေ ပြောင်းလဲမှုရှိနိုင် မရှိနိုင်ကို
လေ့လာသုံးသပ်သူများက စောင့်ကြည့်နေကြသည်။
ပြန်ပေးဆွဲမှုကို
အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် ကုလသမဂ္ဂ အဖွဲ့များက ပြစ်တင်ထားပြီး
လစ်ဗျားနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်း ဖြစ်စဉ်ကို ဆက်လက်ကူညီမည်ဟု
ကတိပြုလိုက်သည်။
မည်သည့် ရည်ရွယ်ချက်ဖြင့် ဝန်ကြီးချုပ်ကို
ပြန်ပေးဆွဲရခြင်း ဖြစ်ကြောင်း ရှင်းလင်းစွာ မသိရသေးသော်လည်း အမေရိကန်
အထူးတပ်ဖွဲ့ဝင်များက ထရီပိုလီ မြို့တော်ရှိ အယ်လ်ကေဒါ ထိပ်တန်း
ခေါင်းဆောင်တစ်ဦးကို ပြီးခဲ့သည့် စနေနေ့အတွင်း ဝင်ရောက်
ဖမ်းဆီးခဲ့ခြင်းကြောင့် လစ်ဗျား စစ်သွေးကြွ အုပ်စုများ စိတ်ဆိုးဒေါသ
ထွက်လျက်ရှိသည်။
လစ်ဗျားနိုင်ငံတွင်း ထိရောက်မှုရှိသော
ရဲတပ်ဖွဲ့နှင့် စစ်တပ် မရှိခြင်းကြောင့် စစ်သွေးကြွ အုပ်စုများ
ကြီးစိုးနေပြီး ၎င်းတို့ကို ကာကွယ်ရေး ဝန်ကြီးဌာနနှင့်
ပြည်ထဲရေးဝန်ကြီးဌာနများက လစာပေးထားရသော်လည်း မည်သူ့ ထိန်းချုပ်မှုအောက်တွင်
ရှိကြောင်း ရှင်းလင်းစွာ မသိရပေ။
The Voice Weekly
No comments:
Post a Comment