မွန်ပြည်နယ် ကျိုက္ခမီ ရေလယ်ဘုရားနှင့် စက်စဲကမ်းခြေတို့တွင်
ကျင်းပလေ့ရှိသော သဲပုံစေတီပွဲတော်သည် ယခုနှစ်တွင်
အထူးစည်ကားခဲ့ပြီး
ယခင်နှစ်ကထက် လူနှစ်ဆခန့် လာရောက်ခဲ့ကြကာ လူဦးရေတစ်သိန်းနီးပါး
လာရောက်လျက်ရှိသည်ဟု ဒေသခံများထံမှ သိရှိရသည်။
သဲပုံစေတီပွဲတော်ကို အထက်အညာဒေသများတွင် တပေါင်းလအတွင်း
ကျင်းပလေ့ရှိကြသော်လည်း မွန်ပြည်နယ်တွင်မှု သီတင်း ကျွတ်
လဆန်း(၁)ရက်မှ(၅)ရက်အထိ ကျင်းပသည်မှာလည်း ထူးခြားချက်တစ်ခုဖြစ်ပြီး
ရည်ရွယ်ချက်များစွာဖြင့် ကျင်းပရ ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။
မွန်တိုင်းရင်းသားတို့၏ အစဉ်အလာတစ်ခုအဖြစ်ရှိနေခဲ့ပြီး
သဲပုံစေတီဘုရားပွဲတော်သည် လူတိုင်းဘုရားတည်နိုင်ရန်အတွက်
ကျင်းပရခြင်းဖြစ်ကြောင်း၊ နိုင်ငံရပ်ခြားသို့ အလုပ်သွားရောက် လုပ်ကိုင်သော
မိမိတို့၏ မိသားစုဝင်များ ဘေးမသီရန်မခစေရန် ရည်ရွယ်ကာ
တည်ထားကြသူများလည်းရှိကြောင်း၊ ကျိုက္ခမီရေလယ်ဘုရားကမ်းခြေနှင့်
စက်စဲကမ်းခြေတို့တွင် စေတီတည် ခြင်းများကိုပြုလုပ်လေ့ရှိကြပြီး ယခုနှစ်တွင်
အဆိုပါပွဲတော်သို့ လာရောက်သူများပြားလာကြောင်း ဒေသခံများထံမှ သိရသည်။
“ဒီနှစ်ပွဲတော်ကို လာတဲ့လူတော်တော်များတယ်။ ဘုရားတွေလဲ အရင်နှစ်ကဆို ၁၆
ဆူပဲရှိတယ်။ဒီနှစ်က အဆူ ပေါင်း ၅၀ နီးပါး လောက်ရှိတယ်။ ဒီရိုးရာကို
ဘယ်လိုစခဲ့တယ်ဆိုတာ သေချာမသိတော့ဘူး။ တချို့ကလည်း နိုင်ငံခြားမှာ
သွားပြီးအလုပ်လုပ် နေတဲ့မိသားစုဝင်တွေအတွက် ဆုတောင်းပြီး
ဘုရားတည်ကြတာရှိတယ်။ တချို့တော့လည်းရွာ အလိုက်ပေါ့။ သံဖြူဇရပ်
မြို့အနီးအနားရွာတွေအပါအ၀င် တော်တော်ဝေးဝေးက ကျွန်းတွေကနေ
တစ်ရွာကိုဘုရားတစ်ဆူလာတည်တယ်။ စေတီ တွေထဲမှာ ပိုက်ဆံတွေကို
ဌာပနာထည့်ကြတယ်။”ဟု ဒေသခံ ဦးသောင်းထွန်းက ပြောသည်။
အဆိုပါ
ပွဲတော်ကို နှစ်စဉ်ကျင်းပလေ့ရှိသော်လည်း ယမန်နှစ်တွင် ခန့်မှန်းခြေ လူဦးရေ
ငါးသောင်းကျော်ခန့် လာရောက်ခဲ့ပြီး ယခုနှစ်တွင်
တစ်သိန်းနီးပါးလာရောက်ခဲ့သည်ဟု ခန့်မှန်းရကြောင်း စက်စဲကမ်းခြေမှ
စားသောက်ဆိုင် ပိုင်ရှင် တစ်ဦးက ဆိုသည်။
“စက်စဲကမ်းခြေဆိုတာကလည်း
မွန်ပြည်နယ်ရဲ့တစ်ခုတည်းသော အပန်းဖြေကမ်းခြေလေ။ နောက်ပြီးတော့
ဒီရိုးရာကလည်း ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်လိမ့်မယ်။ ကမ်းခြေကို
သေသေချာချာလေး အဆင့်မြှင့်တင်လိုက်ရင် တော်တော် လေးကို အဆင်ပြေသွားမယ်။
နိုင်ငံခြားခရီးသွားတွေအတွက် မြန်မာနိုင်ငံရဲ့ နောက်ထပ် လည်ပတ်ချင်စရာ
အကောင်းဆုံးနေရာ တစ်ခုဖြစ်သွားမယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ
ပွဲတော်ကို မွန်ပြည်နယ်အတွင်းဒေသခံများအပါအ၀င် မြန်မာနိုင်ငံ
တစ်ဝန်းလုံးရှိ ဘုရားဖူးပြည်သူများ တစ်သိန်းနီးပါး လာရောက်ခဲ့ပြီး
ယခုကဲ့သို့ပွဲတော်လာရောက်သူများပြားလာ ခြင်းမှာ ယခုနှစ်တွင် လမ်းပန်း
ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာသကဲ့သို့
စိတ်ဝင်စားသူပိုမိုများပြားလာခြင်းဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်း သံဖြူဇရပ်မြို့နယ်သည်
ဒုတိယကမ္ဘာစစ်အတွင်းကျော်ကြားခဲ့သည့် သေမင်းတမန်ရထားလမ်းအပါအ၀င်
စက်စဲကမ်းခြေကဲ့သို့သော ကမ္ဘာလှည့်ခရီးသွားများ ဆွဲဆောင်နိုင်သည့်
နေရာများရှိသည့်အပေါ် ဒေသခံများက အဆင့်မြှင့်တင် ပေးစေလိုခြင်းဖြစ်သည်။
Myit Ma Kha Media Group
http://www.myanmaronlinenews.net/2013/10/blog-post_2828.html
No comments:
Post a Comment