လတ်တလော ထွက်ပေါ်နေသည့် ဘုရင့်နောင်ပွဲရုံဝင်းအား ရွှေ့ပြောင်းမည်ဆိုခြင်းမှာ
မဟုတ်မှန်ကြောင်း၊ ဘုရင့်နောင်အဝေးပြေး ကုန်တင်ယာဉ် ရပ်နားစခန်းဝင်းအား
မည်သည့်နေရာကိုမျှ ရွှေ့ပြောင်းမည် မဟုတ်ကြောင်း ဘုရင့်နောင်စခန်း
အကျိုးဆောင်အဖွဲ့၊ ဥက္ကဋ္ဌ ဦးခင်ဟန်က အောက်တိုဘာ ၂၆ ရက်က အတည်ပြု
ပြောကြားခဲ့သည်။
"လတ်တလော သတင်းတွေ ထွက်နေတဲ့
ဘုရင့်နောင်ဝင်းကြီးကို လှည်းကူးဘက်ကို ပြောင်းရွှေ့မယ်ဆိုတာ
လုံးဝမဟုတ်ပါဘူး။ ဒီဝင်းကြီးမှာ ပွဲရုံအလုံးပေါင်း ၁၀၀၀ ကျော်နဲ့
တစ်နိုင်ငံလုံးက ကုန်စည်စီးဆင်းမှုရဲ့ အသက်သွေးကြော ဖြစ်ပါတယ်။ အဲဒီအတွက်
ဒီဝင်းကို လွယ်လင့်တကူ ပြောင်းတာရွှေ့တာ လုပ်လို့မရပါဘူး။ ၀င်းထဲမှာ
ကားကြီးတွေနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားတဲ့အတွက်
ယာဉ်ရပ်နားစခန်းတစ်ခု ထပ်ပြီး တည်ဆောက်ပေးဖို့ တင်ပြထားတာတော့ ရှိပါတယ်။
ဒါပေမဲ့ ဒီဝင်းကို လုံးဝပြောင်းရွှေ့မှာ မဟုတ်ပါဘူး"ဟု ၎င်းက ပြောကြားခဲ့သည်။
ဘုရင့်နောင် အဝေးပြေး ကုန်တင်ယာဉ် ရပ်နားစခန်းအတွင်း
ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေသဖြင့် ယာဉ်ကြောပိတ်ဆို့မှု
လျော့ကျစေရေးအတွက် JICA မှ ကူညီမည် ဖြစ်ကြောင်း အဝေးပြေး
ကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှု လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
"ဘုရင့်နောင်ဝင်းထဲမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ မကြာခဏ ဖြစ်ပွားနေတဲ့အတွက်
ကားပိတ်တာတွေ လျော့ကျစေဖို့ JICA က ကူညီမယ်ဆိုပြီး ကျွန်တော်တို့ အသင်းနဲ့
လာဆွေးနွေးပါတယ်။ ကျွန်တော်တို့အနေနဲ့ ၀င်းထဲမှာ ကားရပ်နားစရာနေရာ အခက်အခဲက
ယာဉ်ကြောပိတ်ဆို့မှုကို ပိုမိုဆိုးရွား စေတဲ့အတွက် ကားရပ်နားကွင်းတစ်ခု
ထပ်မံတည်ဆောက်ဖို့ကို တင်ပြခဲ့တယ်။ အဲဒီနေရာသုံးခုက အမှတ်-၃လမ်းမကြီးနဲ့
ခရေပင် လမ်းထောင့်ကနေရာ၊ ရွှေပြည်သာ စက်မှုဇုန်က တာယာစက်ရုံဟောင်းကြီးဘေးက
မြေကွက်ရယ်၊ ထောက်ကြန့်က သစ်လုံးတွေ ပုံထားတဲ့ ၀င်းနေရာရယ်၊ အဲဒီနေရာသုံးခု
ကိုတင်ပြခဲ့ပါတယ်။ ဒါပေမဲ့ JICA က လူတွေက ဘာမှမပြောခဲ့ သေးပါဘူး"ဟု အဆိုပါ
အသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးကိုကိုနိုင်က ပြောကြားခဲ့သည်။
ဘုရင့်နောင်ပွဲရုံ ၀င်းအတွင်း ကားမျိုးစုံ အစီးရေ ၆၀၀၀နှင့် ၇၀၀၀ကြား၊
ကုန်တင်ယာဉ် အစီးရေ ၈၀၀နှင့် ၁၀၀၀ကြား နေ့စဉ် ၀င်ထွက်
သွားလာလျှက်ရှိကြောင်း၊ ၀င်းအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏ
ဖြစ်ပွားလေ့ရှိပြီး အချို့ နေ့ရက်များ၌ပင် နေ့တစ်ဝက်၊ တစ်နေ့လုံးလိုလိုပင်
ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment