ငွေကြေး အရှုပ်အထွေးများကြောင့် သီရိလင်္ကာနိုင်ငံတွင် ဖမ်းဆီးခံရသည့်
ကိုရီးယားနိုင်ငံရှိ KTB ဘဏ်လုပ်ငန်းပိုင် MV.EVANGELI သင်္ဘောတွင်
လုပ်ကိုင်နေသော မြန်မာသင်္ဘောသားများ အလုပ်
လက်မဲ့ ဖြစ်သွားသဖြင့် သင်္ဘောသို့ ဆက်သွယ် စေလွှတ်ပေးသည့် ကုမ္ပဏီထံမှ
နစ်နာကြေး တောင်းမည် ဖြစ်ကြောင်း အလုပ်လက်မဲ့ ဖြစ်သွားသည့်
သင်္ဘောအရာရှိတစ်ဦး ဖြစ်သူ ဦးစိုးစိုးက ပြောကြားသည်။
MV.EVANGELI
တွင် လုပ်ကိုင်ရန် အလုပ်လုပ်ကိုင်ခွင့် သဘောတူညီ စာချုပ်
ချုပ်ဆိုပေးခဲ့သည့် ရန်ကုန်မြို့တော် အခြေစိုက် MARINE FUTURE ကုမ္ပဏီထံမှ
စာချုပ်ပါ အခွင့်အရေးအတိုင်း လျော်ကြေး တောင်းရန် စီစဉ်ခြင်း ဖြစ်ကြောင်း၊
အလုပ်လက်မဲ့ ဖြစ်သွားသူ သင်္ဘောသား ၁၃ ဦး အနက် သုံးဦးမှာ
လျော်ကြေးတောင်းရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
စာချုပ်ပါ အချက်များအရ ခြောက်လမတိုင်မီ အကြောင်းကြောင်းကြောင့် လုပ်ငန်း
ဖျက်သိမ်းရပါက လုပ်သားတစ်ဦးကို အခြေခံလစာ၏ နှစ်လစာ ပေးလျော်ရမည် ဖြစ်ပြီး
ခြောက်လကျော်ပြီးမှ လုပ်ငန်း ဖျက်သိမ်းရပါက အခြေခံလစာ၏ တစ်လစာကို
ပေးလျော်ရမည် ဖြစ်ကြောင်း၊ လျော်ကြေး တောင်းရန် ပြင်ဆင်နေသူ သုံးဦးတွင်
တစ်ဦးမှာ လေးလကျော်သာ လုပ်ကိုင်ထားသူ ဖြစ်ပြီး ကျန်နှစ်ဦးမှာ ခြောက်လအထက်
လုပ်ကိုင်ထားသူများ ဖြစ်ကြောင်း ဦးစိုးစိုးက ထပ်မံပြောဆိုသည်။
သင်္ဘောအဖမ်းအဆီး ခံရစဉ် အလုပ်လုပ်ထားသည့် လုပ်ခများ ရရှိရေးအတွက် MARINE
FUTURE ကုမ္ပဏီက အကူအညီ ပေးခဲ့ခြင်း မရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ
ပို့ဆောင်ရေး အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ် (ITF) ၏ စစ်ဆေးရေးမှူး
တစ်ဦးဖြစ်သူ ဦးရွှေထွန်းအောင်နှင့် တောင် ကိုရီးယားနိုင်ငံရှိ ITF တို့၏
အကူအညီဖြင့် လုပ်ခလစာများကို ပြန်လည် ရရှိခဲ့ကြောင်း ၎င်းကဆိုသည်။
အဆိုပါ လျော်ကြေးကိစ္စနှင့် ပတ်သက်၍ MARINE FUTURE ကုမ္ပဏီ၏
မြန်မာပြည်ရုံးခွဲမှ တာဝန်ရှိသူ တစ်ဦးထံ ဆက်သွယ် မေးမြန်းရာ လျော်ကြေး
တောင်းဆိုမှုကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်သာ ဆွေးနွေး
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားသည်။
လျော်ကြေး ရရှိရန်အတွက်
သင်္ဘောသားများထံမှ တိုင်ကြားထားသည့် တိုင်စာကို အထက်လူကြီးများထံ
တင်ပြသွားမည် ဖြစ်ပြီး နှစ်ဦးနှစ်ဖက် ညှိနှိုင်းသည့်အသွင်
ဖြင့်
အမြန်ဆုံး ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း ရေကြောင်း ပို့ဆောင်ရေး
ညွှန်ကြားမှု ဦးစီးဌာန သင်္ဘောသားဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယခင်ပိုင်ရှင် အဆက်ဆက်ကပင် ပေးရန်အကြွေးများ ရှိနေပြီး ဘဏ်တွင်လည်း
ပေါင်နှံထားသည့် အဆိုပါ MV.EVANGELI သင်္ဘောကို အကြွေးများအတွက်
သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် ဇူလိုင် ၁၈ ရက်နေ့က ဖမ်းဆီးလိုက်ခြင်း
ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment