သဘာဝ နယ်မြေများကို ပို့ဆောင်ပေးလေ့ရှိသော နယ်မြေဒေသ များထဲတွင် နတ်မတောင် အပါအ၀င်
အခြားသော ကန့်သတ်ဒေသများကို ယခင်က ကန့်သတ်နေရာအဖြစ် သတ်မှတ်ထားခဲ့သော်လည်း
ယခုအခါ ပြည်ထဲရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ကြိုတင်ခွင့်ပြုမိန့်
မလိုအပ်ဘဲ သွားလာခွင့်ပြုပြီ ဖြစ်သောကြောင့် Eco tourism အတွက်
ပိုမိုဖွံ့ဖြိုးလာရန် ရှိကြောင်း ခရီးသွား လုပ်ငန်းများမှ သိရသည်။
''ကျွန်တော်တို့ Eco tour က သာမန် tour တွေနဲ့ မတူပါဘူး။ သဘာဝနယ်မြေတွေကို
လိုက်ပြီး လေ့လာတဲ့ tour ပါ။ အခုဆိုရင် နတ်မတောင်ကို ခွင့်ပြုမိန့် တင်စရာ
မလိုတော့ဘူး။ နတ်မတောင်က International Park သဘာဝနယ်မြေ ထိန်းသိမ်းတဲ့
အထဲမှာ အဆင့်အမြင့်ဆုံးပဲ။ အရင်က ပါမစ်ရှင် တင်ရတယ်။ ပူတာအိုဘက်မှာ ဆိုလည်း
မြို့ပေါ်ဆိုရင် ခွင့်ပြုတယ်ပေါ့။ အဲဒီလိုရှိတယ်။ ကန့်သတ်ဒေသ အကုန်လုံးကို
ဖွင့်ပေးသင့်တယ်ပေါ့။ ပါမစ်ရှင်တင်တာက နိုင်ငံခြားသားတွေရဲ့
လုံခြုံရေးအတွက် ခွင်ြ့ပုမိန့် တောင်းခံရတယ်ဆိုတာ ဒီသဘောပါပဲ'' ဟု Nature
Lovers ခရီးသွား ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်ဒင်က ပြောကြားသည်။
အဆိုပါ နတ်မတောင်ဒေသ (ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်) သို့ ခရီးသွားများ
စိတ်ဝင်စားသည့်အပြင် ကချင်ပြည်နယ်ရှိ ခါကာဘိုရာဇီနှင့် ဖုန်ကန်ရာဇီ
အမျိုးသားဥယျာဉ်၊ စစ်ကိုင်းတိုင်း ဒေသကြီးရှိ အလောင်းတော် ကဿပ
အမျိုးသားဥယျာဉ်၊ ကန်တော်ကြီး အမျိုးသားဥယျာဉ် (ပြင်ဦးလွင်)၊ မန္တလေးတိုင်း
ဒေသကြီး အတွင်းရှိ ပုပ္ပါးတောင်နှင့် ရန်ကုန်တိုင်း ဒေသကြီးရှိ
လှော်ကားဥယျာဉ် များမှာလည်း ငှက်ကြည့်ရန်အတွက် အကောင်းဆုံး နေရာဒေသများ
ဖြစ်သည်။ မြန်မာနိုင်ငံရှိ ရှားပါးသော ငှက်မျိုးရင်း စိတ်များအဖြစ် white
browed Nuthatch (မျက်ခုံးမွေးဖြူ ငှက်ပြာခြောက်) နှင့် Burmese Tit
တို့မှာ ကချင်ပြည်နယ်တွင် တွေ့ရှိနိုင်ကြောင်း သိရသည်။ ထို့ပြင် EcoTourism
အတွက် အကောင်းဆုံး ဘေးမဲ့တောများမှာ ပဲခူးတိုင်း ဒေသကြီးရှိ
မိုးယွန်းကြီးအင်း၊ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးအိုင်၊
ရှမ်းပြည်နယ်ရှိ အင်းလေးအိုင်၊ ဧရာဝတီတိုင်း ဒေသကြီး ဘိုကလေးမြို့နယ်ရှိ
မိန်းမလှကျွန်း စသည့် နေရာများပင် ဖြစ်ကြောင်း သိရသည်။
''အခုက
နတ်မတောင်ကို ခွင့်ပြုပေးလိုက်တော့ လမ်းပန်းဆက်သွယ်ရေးက အဆင်ပြေပါတယ်။
ဒါပေမဲ့ လူဦးရေ များလာတဲ့ အခါကျတော့ ငှက်ကြည့်ဖို့ အတွက်က
အဆင်မပြေတော့ဘူး။ ငှက်တွေက လူသံသူသံ ကြားတာနဲ့ ထပြေးတာလေ။ ကျွန်တော်တို့
ခရီးသွားတွေကလည်း အဓိက လာရောက်တာကလည်း အပင်မျိုးစိတ်တွေဖြစ်တဲ့ သစ်ခွ၊
အရှေ့တောင် အာရှမှာတောင် မြန်မာပြည်မှာပဲရှိတဲ့ တောင်ဇလပ် ပန်းတွေလိုမျိုး၊
မျိုးသုဉ်းတော့မယ့် မျက်ခုံးမွေးဖြူ ငှက်ပြာခြောက်ဆိုတဲ့
ရှားပါးငှက်မျိုးစိတ်တွေနဲ့ လူနေမှု သဘာဝအဖြစ် ချင်းတောင်မှာ
ပါးရဲထိုးထားတဲ့ ချင်းအမျိုးသမီးတွေကို သူတို့သိပ်စိတ်ဝင်စားပြီး လာရောက်
လေ့လာကြတာပါ။ ဒီတော့ နတ်မတောင်မှာရှိတဲ့ သဘာဝတွေကို ထိန်းသိမ်းဖို့
လိုအပ်ပါတယ်'' ဟု S.S.T ခရီးသွား ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ကိုစိုးမင်းအေးက
ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment