တောင်ငူခေတ် မြန်မာ့ယဉ်ကျေးမှု ထီးနန်းရိုးရာ မင်္ဂလာတစ်ပါးဖြစ်သော
ထွက်တော်မူကြီး မင်္ဂလာဝင်းခင်း သဘင် (ရာဇာဝင်းခင်းသဘင်)ကို
ယခုနှစ်တွင်ကျင်းပမည့်
တောင်ငူကေတုမတီမြို့ တည်နန်းတည် (၅ဝ၃)နှစ်ပြည့် ပွဲတော်ကြီးတွင်
ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော် ကျင်းပရေးကော်မတီဝင်
ဦးကျော်ကျော်စိုး(ပန်းချီ ပညာရှင်) က ပြောကြားသည်။
ယခင်နှစ်(၅ဝ၂)နှစ်ပြည့်ပွဲတော်ကြီးတွင် ဆင်ခြောက် ကောင်၊ မြင်းအကောင် ၃ဝ ၊
လူအင်အား ၃ဝဝ ကျော်ပါဝင်ပြီး ကျိုင်းကိုင်၊ သိုဏ်ကိုင်း၊ ဆင်စစ်သူကြီး၊
ဆင်ခြေဖုံသူရဲ၊ အရှေ့မြင်းသည်တော်၊ တံခွန်ဖြူကိုင်၊ ဒိုင်းဝိုင်းကိုင်၊
ဓားကိုင်၊ လေးဆွဲသူရဲ၊ တူရိယာလုလင်၊ စစ်သူကြီး၊ မင်းခဏ်း တော်ကိုင်၊
ဘုရင်နှင့်မိဖုရား၊ အိမ်ရှေ့မင်းသားနှင့် မိဖုရား၊ သမီးတော်၊
အမတ်ကြီးနဲ့အမတ်ကတော်၊ ပုဏ္ဏား၊ မင်းညီမင်းသားစသည်ဖြင့် အမျိုးအစားပေါင်း ၃ဝ
ကျော်ကို ခင်းကျင်းပြသနိုင်ခဲ့ပြီး တောင်ငူ အနီးပတ်ဝန်းကျင်မြို့ရွာ
များမှ ပြည်သူများ၊ စိတ်ဝင်စားသူများနှင့် နိုင်ငံခြား ခရီးသွားများ၊
စိတ်ဝင်တစား လာရောက်ကြည့်ရှုသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
တောင်ငူကေတုမတီမြို့ကို ဘုရင်မင်းကြီးညိုက မြန်မာသက္ကရာဇ် ၈၇၂ ခုနှစ်
တန်ဆောင်မုန်း လပြည့်နေ့ တွင် စတင်တည်ထောင်ခဲ့သောကြောင့် လာမည့်
တန်ဆောင်မုန်းလပြည့်နေ့တွင် နှစ်ပေါင်း (၅ဝ၃) နှစ်ပြည့် မြောက်တော့မည်
ဖြစ်သည်။ နှစ် (၅ဝဝ) ပြည့်ပွဲမှစ၍ နှစ်စဉ်ကျင်းပခဲ့ပြီး (၅ဝ၃)
နှစ်ပြည့်ပွဲတော်ကြီးကို နိုဝင်ဘာ ၁၄ ရက်မှ ၁၇ ရက်အထိ
ပျော်ပွဲရွှင်ပွဲများဖြင့် ယခင်နှစ်များ အတိုင်း
စည်ကားသိုက်မြိုက်စွာကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
ကျော်စွာ(တောင်ငူ)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
No comments:
Post a Comment