Pages

10.10.13

ဖြူး စာတိုက်ရုံးရှေ့ ခရီးသည်တင် ယာဉ်ပေါ်တွင် လက်လုပ်ဗုံးတွေ့

တောင်ငူခရိုင် ဖြူးမြို့နယ် ဆက်သွယ်ရေးလုပ်ငန်း စာတိုက်ရုံးရှေ့ ရန်ကုန်- မန္တလေးလမ်းဟောင်း
မိုင်တိုင်အမှတ် ၁၄၂/၆ တွင် အောက်တိုဘာလ ၉ ရက် နံနက် ၉ နာရီခန့်က ရပ်ထားသော လိုက်ထရပ် အဖြူရောင် ခရီးသည်ယာဉ်ပေါ်မှ ပလတ်စတစ်အိတ်တွင်း ထည့်ထားသော လက်လုပ်ဗုံး တစ်လုံးကို တွေ့ရှိခဲ့ကြောင်း အဆိုပါမြို့ ဒေသခံတစ်ဦးက ပြောကြားသည်။

ညောင်လေးပင်မြို့မှ ထွက်ခွာလာသော ညောင်လေးပင် -တောင်ငူ ပြေးဆွဲသည့် လိုက်ထရပ်ယာဉ်ပေါ်မှ ယာဉ်နောက်လိုက် ဦးချစ်ကိုက ယာဉ်၏ ဘယ်ဘက်ခြမ်း ထိုင်ခုံတန်းအောက်တွင် ပလတ်စတစ်အိတ် အဝါရောင်အတွင်း အမည်းရောင် ပလတ်စတစ်ဖြင့် ထည့်ထားသော သွားတိုက်ဆေးဘူး၊ သွားတိုက်တံ နှစ်ချောင်းနှင့် အစိမ်းရောင်တိပ်ဖြင့် ပတ်လျက် နှစ်လက်မခန့်ရှိသော အထုပ်တစ်ထုပ် တွေ့ရှိသဖြင့် မသင်္ကာသောကြောင့် အထုပ်ကို ဖြေကြည့်ရာတွင် နာရီစက်သံ ကြားရသဖြင့် အဆိုပါ လမ်းအနီးရှိ ဖြူး မြို့မရဲစခန်း တာဝန်ရှိသူများကို ယာဉ်နောက်လိုက်က အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။
“၁၀ နာရီ ၃၀ မိနစ်လောက်မှ ဆက်သွယ်ရေးရုံးရှေ့ ခရီးသည်တင်ယာဉ်ပေါ်မှာ ဗုံးတွေ့လို့ ဆိုပြီး လူတွေ တအုပ်ကြီး သွားကြည့်ကြတယ်။ ရဲတပ်ဖွဲ့တွေ ရောက်လာပြီး ဗုံးကို သဲအိတ်တွေနဲ့ ကာနေတာတွေ့တယ်” ဟု ဖြူးမြို့နယ် ထန်းကုန်းလမ်းပေါ်ရှိ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

တောင်ငူမြို့နယ် အမှတ် ၉၁၁ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ တာဝန်ရှိသူများက ညနေ ၄ နာရီတွင် လာရောက် စမ်းသပ် စစ်ဆေးပြီးနောက် လက်လုပ်ဗုံးအဖြစ် အတည်ပြုပေးခဲ့ကာ အများပြည်သူကို ထိခိုက်နိုင်သောကြောင့် ဖြူးမြို့နယ် နယ်မြေခံတပ်ရင်းသို့ ယူဆောင်ကာ ရှင်းလင်းမည် ဖြစ်ကြောင်း အဆိုပါ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ တပ်ကြပ်ကြီးတစ်ဦးက ပြောကြားသည်။
“လက်လုပ်ဗုံးဆိုတာ သေချာပါတယ်။ မြို့နယ် နယ်မြေခံတပ်ရင်းကို ယူဆောင်သွားပါပြီ။ လိုအပ်ရင်တော့ ခွဲပစ်ပါလိမ့်မယ်” ဟု ၎င်းက ရှင်းပြသည်။

ဗုံးတွေ့ရှိရာ နေရာတွင် ညနေ ၄ နာရီခန့်က သဲအိတ်များချကာ စတင် စစ်ဆေးခဲ့ခြင်းကြောင့် ရန်ကုန်- မန္တလေး လမ်းဟောင်းတွင် နာရီဝက်ခန့် ယာဉ်အသွားအလာ ရပ်ဆိုင်းပြီး လက်လုပ်ဗုံးကို နယ်မြေခံ တပ်ရင်းသို့ သယ်ဆောင်ခဲ့ကြောင်း ဖြူးမြို့နယ် ဒေသခံအချို့က ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment