ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး ဧရိယာအတွင်း ငါးရှားပါးလာမှုကြောင့်
ပိုက်ကွန် ရေလုပ်သားများ လျော့နည်းလာပြီး လင်းပိုင်နှင့် ပူပေါင်း
ငါးဖမ်းဆီးခြင်းဓလေ့ ပျောက်ကွယ်လာကြောင်း ပတ်ဝန်းကျင်နှင့်
မျိုးသုဉ်းရှားပါး ရေသတ္တ၀ါများ ထိန်းသိမ်းရေး ဌာနစုမှ သိရသည်။
ငါးလုပ်ငန်း ဦးစီးဌာနနှင့် သားငှက် ထိန်းသိမ်းရေးအဖွဲ့
ပူးပေါင်းဆောင်ရွက်သည့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးအဖွဲ့သည် ဧရာဝတီ
လင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေး နယ်မြေ(မန္တလေး-ကျောက်မြောင်း)အတွင်း
၂၀၁၃ခုနှစ် မိုးနှောင်းရာသီ ဧရာဝတီလင်းပိုင် သုတေသန ပြုလေ့လာရေးနှင့်
ထိန်းသိမ်း စောင့်ရှောက်ရေး ပညာပေးခရီးစဉ်၌ ဆောင်ရွက်တွေ့ရှိချက်များအရ
ဧရာဝတီလင်းပိုင် ပိုက်ကွန် ရေလုပ်သားများ လင်ပိုင်တို့နှင့် ပူးပေါင်း
ငါးဖမ်းဆီးခြင်း လုပ်ငန်း စတင်ဆောင်ရွက်နေပြီ ဖြစ်သော်လည်း မြစ်အတွင်း
ငါးရှားပါးလာမှုကြောင့် ပိုက်ကွန် ရေလုပ်သားများ အနေဖြင့် လင်းပိုင်နှင့်
ပူပေါင်းငါးဖမ်းဆီးမှု လုပ်ငန်းအား စိတ်ဝင်စားမှု လျော့နည်းလာပြီး အခြား
စီးပွားရေးလုပ်ငန်းများကို ပြောင်းလဲ လုပ်ကိုင်လာကြကြောင်း သိရသည်။
"အခုနောက်ပိုင်း ထိန်းသိမ်းရေး ဧရိယာထဲမှာ လွန်ခဲ့တဲ့ ငါးနှစ်လောက်က
အရမ်းပေါတဲ့ 'ငါးလူး'ဆိုရင် တံငါသည်တွေထဲမှာ သိပ်မတွေ့ရတော့ဘူး။ ဒီနှစ်
မိုးနှောင်းငါးဖမ်း ရာသီအစမှာဆိုရင် 'ငါးဖယောင်း' ဆိုတဲ့ ငါးလည်း
ငါးလူးလိုပဲ ပျောက်စပြုလာပြီ"ဟု ပတ်ဝန်းကျင်နှင့် မျိုးသုဉ်း
ရှားပါးရေသတ္တ၀ါများ ထိန်းသိမ်းရေးဌာနစုမှ လက်ထောက် ဦးစီးမှူး ဦးဟန်ဝင်းက
ပြောကြားသည်။
"အခုလို အောက်တိုဘာနဲ့ နိုဝင်ဘာလတွေက
ဧရာဝတီမြစ်ထဲမှာ ငါးအပေါဆုံး ရာသီပဲ။ ဒီလိုရာသီမှာတောင် ငါးအရမ်းရှားနေတော့
လင်းပိုင်နဲ့ ပင်တိုင်ငါးဖမ်းတဲ့ တံငါသည်တွေလည်း စားဝတ်နေရေးအရ တခြား
ဝင်ငွေကောင်းတဲ့ အလုပ်တွေကို ပြောင်းလုပ်ကုန်ကြပြီ။ လင်းပိုင်နဲ့
ငါးတွဲဖမ်းတဲ့ ဓလေ့ ပျောက်သွားမှာစိုးလို့ ကျန်ရှိနေတဲ့ တံငါသည်
အနည်းငယ်လောက်ကို နေ့တွက်ပေးပြီး ငါးဖမ်းခိုင်းနေရတယ်"ဟု ဦးဟန်ဝင်းက
ဆက်လက် ပြောကြားသည်။
ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး
ဧရိယာအတွင်းရှိ မြေစွန်းကျေးရွာတွင် လင်းပိုင်နှင့် ပူပေါင်း ငါးဖမ်းဆီးမှု
လုပ်ကိုင်သည့် တံငါသည် ၁၃ဦးနှင့် မြစ်ကမ်းကြီးကျေးရွာတွင် ယခင်က
၁၇ဦးရှိရာမှ ယခုအခါ နှစ်ဦး၊ သုံးဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment