လစ်ဗျားနိုင်ငံ ထရီပိုလီမြို့တွင် ကြာသပတေးနေ့ နံနက် အရုဏ်တက်ချိန်ခန့်က
ဝန်ကြီးချုပ် အလီဇီဒန်ကို လက်နက်ကိုင် ပြည်သူ့စစ် အဖွဲ့တစ်ဖွဲ့က
ပြန်ပေးဆွဲသွားကြောင်း ဝန်ကြီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
သေနတ်သမားများသည် ဝန်ကြီးချုပ် အလီဇီဒန်ကို Corinthian ဟိုတယ်မှ
စောင့်ကြပ်
ခေါ်ဆောင်သွားပြီး ဟိုတယ်အနီး
စောင့်ဆိုင်းနေသော ယာဉ်တန်းပေါ်သို့
တင်ဆောင်သွား ကြသည်ဟု အဆိုပါ ဟိုတယ်မှ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက
ပြောကြားသည်။
ဝန်ကြီးချုပ်ကို ဖမ်းဆီးခေါ်ဆောင် သွားသူများသည်
လစ်ဗျားသူပုန် အဖွဲ့ဝင်ဟောင်းများ ဖြစ်ကြပြီး ထရီပိုလီမြို့
လုံခြုံရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနက ၎င်းတို့ကို ငှားရမ်းထားခြင်း ဖြစ်သည်ဟု
BBC သတင်းဌာနက ဆိုသည်။
မျက်မြင်သက်သေများ ပြောဆိုချက်အရ
ပြန်ပေးဆွဲသွားသည့် ဖြစ်စဉ် တွင် သေနတ် ပစ်ခတ်မှု တစ်စုံတစ်ရာ
မရှိခဲ့ကြောင်း၊ ၎င်းတို့က ဝန်ကြီးချုပ်ကို ကြမ်းတမ်းစွာ
ခေါ်ဆောင်သွားခြင်းမျိုး မရှိဘဲ လေးစားမှုပြုသည့် အမူအရာများဖြင့်
ဆက်ဆံခဲ့သည်ကို တွေ့ရကြောင်း သိရသည်။
အဆိုပါ လက်နက်ကိုင်များကို
ထိန်းချုပ်သည့် အဖွဲ့ဖြစ်သည့် လစ်ဗျား တော်လှန်ရေးသမားများ စစ်ဆင်ရေးအဖွဲ့
(LROR) က ဝန်ကြီးချုပ်သည် ဘဏ္ဍာရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ အဂတိ
လိုက်စားမှုများဖြင့် တရားစွဲဆိုခြင်း ခံထားရခြင်းကြောင့် ဖမ်းဆီးသွားခြင်း
ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုသည်။
သို့သော် တရားရေးဝန်ကြီးဌာနက
ဝန်ကြီးချုပ်ကို အဂတိ လိုက်စားမှုများနှင့် ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်းရန်
ဝရမ်းထုတ်ထားခြင်း မရှိဟု ပြောကြားသည်။
လစ်ဗျားနိုင်ငံတွင်
အာဏာရှင်ခေါင်းဆောင် မွမ်မာကဒါဖီကို ဖြုတ်ချခဲ့သည့် လွန်ခဲ့သော
နှစ်နှစ်ခန့်ကစပြီး လက်နက်ကိုင် ပြည်သူ့စစ်များ ထကြွသောင်းကျန်းလျက်
ရှိသည်။
ယခု ဝန်ကြီးချုပ်အား ဖမ်းဆီးခေါ်ဆောင်သွားသည့် ပြည်သူ့စစ်
အဖွဲ့အား ပြည်ထဲရေးဝန်ကြီးဌာနက ငှားရမ်းထားသကဲ့သို့ အခြားသော ပြည်သူ့စစ်
အဖွဲ့များကိုလည်း ဝန်ကြီးဌာန အသီးသီးက ၎င်းတို့၏ လုံခြုံရေး အပါအဝင် အခြားသော
လိုအပ်ချက်များအတွက် ငှားရမ်းထားကြသည်။
လစ်ဗျားနိုင်ငံ
အရှေ့ဘက်ပိုင်းတွင်မူ အဆိုပါ ပြည်သူ့စစ် အဖွဲ့များက ဗဟိုအစိုးရထံမှ
ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရန် တောင်းဆိုလျက် ရှိသည်။
ယခုကဲ့သို့ လစ်ဗျား ဝန်ကြီးချုပ်အား ပြည်သူ့စစ်များက ပြန်ပေးဆွဲသွားမှုအပေါ်
နေတိုး အဖွဲ့က ပြင်းထန်စွာ ကန့်ကွက်ခဲ့ပြီး အမြန်ဆုံး လွှတ်ပေးရန်
တောင်းဆိုထားသည်။ ဝန်ကြီးချုပ် အလီဇီဒန်သည် ကဒါဖီလက်ထက်
ဆယ်စုနှစ်ပေါင်းများစွာ ယိုယွင်းခဲ့သော လစ်ဗျားပြည်ကို ပြန်လည် ထူထောင်ရန်
ကြိုးပမ်းလျက်ရှိပြီး လစ်ဗျားအား ကျရှုံးသော နိုင်ငံအဖြစ် သတ်မှတ်
ဖော်ပြမှုများကို ပယ်ချခဲ့သည်။
လစ်ဗျားနိုင်ငံ ပြန်လည်
ထူထောင်ရာတွင် အမျိုးသား ပြန်လည် သင့်မြတ်မှုနှင့် တာဝန်ခံယူမှုတို့လည်း
ပါဝင်ကြောင်း အလီဇီဒန်က ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ပြောကြားခဲ့သည်။
လစ်ဗျားနိုင်ငံတွင် ကြားဖြတ်သမ္မတ ရှိသော်လည်း အုပ်ချုပ်ရေးအာဏာ အားလုံးကို ဝန်ကြီးချုပ်ကသာ ရယူထားသည်။
ထရီပိုလီ
The Voice Weekly
No comments:
Post a Comment