အီရန်တွင် သေဒဏ်ကျ အကျဉ်းသားတစ်ဦးကို ကြိုးစင်တင်ကာ စီရင်ပြီးနောက်ပိုင်း
အသက်မသေဘဲ ကိုးမားဖြစ်သွား၍ အသက်ဆက်လက် ရှင်သန်ခွင့် ရသွားကြောင်း IRNA သတင်းဌာနက အောက်တိုဘာ ၂၁ရက်က ကြေညာခဲ့သည်။
ကြိုးမိန့်ကျခံရသူ Alireza M အသက် ၃၇ နှစ်သည် မူယစ်ဆေးဝါး တရားမ၀င်
ရောင်းဝယ်မှုဖြင့် ပြစ်ဒဏ်ကျခဲ့ပြီး အောက်တိုဘာ လဆန်းက ကြိုးစင်တင်ခဲ့သည်။
သူ့ကို အီရန် အရှေ့မြောက်ပိုင်းရှိ အကျဉ်းထောင်တွင် ကြိုးကွင်းစွပ်
စီရင်ပြီးနောက် ၁၂မိနစ် အကြာတွင် သက်ဆိုင်ရာ ဆရာဝန်က သေဆုံးပြီ ဖြစ်ကြောင်း
အတည်ပြုပေးခဲ့သည်။
နောက်တစ်ရက်တွင် Bojnourd မြိှု့ရှိ
ရေခဲတိုက်မှ ၀န်ထမ်းများက သူ၏အလောင်းကို အ၀တ်ပတ်နေစဉ် အသက်ရှုနေသေးကြောင်း
တွေ့ရှိရသဖြင့် ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်။ စစ်ဆေးကြည့်သောအခါ Alireza
M ၏ ဦးနှောက်မှာ လုပ်ဆောင်ချက်များ ရပ်ဆိုင်းသွားဖွယ်ရှိသည် ဟုယူဆကြသည်။
သူ၏ သိစိတ်ကို တိုင်းထွာစစ်ဆေး သည့်အခါ ခြောက်ရာခိုင်နှုန်းမျှ နိုးကြားဆဲ
ဖြစ်သည်ကိုလည်း တွေ့ကြရသည်။
သူ၏ အဖြစ်အပျက်သည်
ဂျုရီလူကြီးများအကြား အကြီးအကျယ် ငြင်းခုန်ပွဲကို ဖြစ်စေခဲ့သည်။ အချို့
သူ့ကို ကြိုးစင် ပြန်တင်သင့်သည်ဟု ဆိုပြီး အချို့ကမူ သူခံယူရမည့်
ပြစ်ဒဏ်ကို ကျခံပြီးဖြစ်၍ လွတ်ငြိမ်းခွင့် ပေးသင့်ကြောင်း ဆိုကြသည်။
နောက်ဆုံးတွင် သူ၏ အဖြစ်အပျက်ကို တရားရေးဘက်က ချွင်းချက်အနေဖြင့်
ခွင့်ပြုလိုက်ပြီး နောက်တစ်ကြိမ် ကြိုးစင် ထပ်မတင်တော့ဟု ဘာသာရေးဆိုင်ရာ
ကျင့်ထုံးအရ ခွင့်ပြုပေးလိုက်သည်။
နိုင်ငံတကာ
လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကလည်း Alireza M နှင့် အီရန်မှ သေဒဏ်ကျ
အခြားအကျဉ်းသားများ၏ အသက်ဘေးမှ လွတ်မြောက်ခွင့်ပေးရန် ချက်ချင်း
တောင်းဆိုခဲ့ကြသည်။ အီရန်သည် သေဒဏ် အပြစ်ပေးခြင်းမျိုးကို လွန်ခဲ့သောနှစ်က
တရုတ်နိုင်ငံမှ လွဲကျန်နိုင်ငံများထက် အရေအတွက် များစွာ စီရင်ခဲ့သည်။
လန်ဒန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ယခုနှစ်အတွင်း
အီရန်တွင် သေဒဏ်ချမှတ် ခံရသူပေါင်း ၅၀၈ ဦးအထိရှိသည်ဟု ဆိုသည်။ အီရန်တွင်
လူသတ်မှု၊ မုဒိန်းမှု၊ ဓားပြတိုက်မှု၊ မူးယစ်မှောင်ခိုမှု၊ သူများမယားကို
ပြစ်မှားသည့် အမှုများသည် အခြားအမှုများထက် သေဒဏ်စီရင်ချက် အများဆုံး
ချမှတ်ခံရလေ့ရှိသော အမှုများဖြစ်သည်။ အီရန်အစိုးရက နိုင်ငံ၏ တရားဥပဒေ
စိုးမိုးရေးအတွက် သေဒဏ်ကိုသည် မရှိမဖြစ် ဆက်လက်ထားရှိရန် လိုအပ်သည်ဟု
ဆိုထားသည်။
Ref: AFP
မြန်မာ့ခေတ်
No comments:
Post a Comment